Saturday, November 24, 2012

50.1 ဘ၀ထဲ ရွာလည်ကြသူများ

ကျွန်တော့်မှာ.. နိုင်ငံခြားသား မိတ်ဆွေတစ်ယောက်ရှိတယ်..။ သူက.. အင်ဒိုနီးရှားလူမျိုး။ စက်မှုဇုန်က စက်ရုံတစ်ရုံမှာ.. အလုပ်လုပ်တယ်..။ မြန်မာပြည်ရောက်နေတာ အနည်းဆုံးဆယ့်လေးငါးနှစ်ရှိပြီ..။

စလာတုံးကတော့.. တစ်နှစ်-နှစ်နှစ်လောက်ဆိုပြီး လာတာပဲ..။ ဒီရောက်တော့.. နီးစပ်ရာအ၀န်းအ၀ိုင်းထဲက မြန်မာမလေးတစ်ယောက်နဲ့ အကြောင်းပါပြီး အခုထိ မပြန်နိုင် ရှာတော့ဘူး..။ အင်ဒိုနီးရှားမှာ..မယားကြီးနဲ့ သမီးနှစ်ယောက်ရှိတယ်..။

သမီးအကြီးက.. လွန်ခဲ့တဲ့ နှစ်နှစ်လောက်က.. မင်္ဂလာဆောင်တယ်..။ အဖေဖြစ်တဲ့သူ့ကို.. မင်္ဂလာပွဲ ပြန်လာချီးမြှင့်စေချင်တယ်..။ သူကလည်း ပြန်သွားချင်ရှာတယ်..။

ဒါပေမယ့် ဒီကမိန်းမက.. ပြန်သွားပြီး ပြန်မလာမှာကို ကြောက်တော့.. ပေး-မပြန်ဘူး..။ ဒီမှာကလည်း.. သမီးတစ်ယောက်-သားတစ်ယောက် ထွန်းကားနေပြန်တယ်..။ သားလေးက အတော်ငယ်သေးတယ်..။ အရင်မွေးသမျှက သမီးတွေချည်း ဆိုတော့ သားယောက်ျားလေးကို သူအတော်သဲတယ်..။

နောက်ဆုံးတော့.. သူ မပြန်ဖြစ်လိုက်ဘူး..။

ပြန်သွားဖြစ်ရင်လည်း. ဟိုဖက်မိသားစုက သူ့ကို မြန်မာပြည်ပြန်ခွင့် ပေးချင်မှ ပေးမှာဆိုတာ သူသိတယ်...။ ဟိုဖက်ရောက်သွားပြန်တော့လည်း ဟိုဖက်ကို သိပ်ကြီး ပစ်ပစ်ခါခါ လုပ်ပြီး ပြန်လာဖို့ ခက် ထင်ပါရဲ့ ..။ ဒါကြောင့်.. ခမျာ့.. ပြန်ချင်ပေမယ့်.. မပြန်လမ်းကိုပဲ ရွေးရှာတယ်..။

ဒီက မိန်းမကတော့.. ပျော်တာပေါ့..။ ဒီမှာက.. ယောက္ခမတွေရော-ခယ်မတွေရော-ယောက်ဖတွေရော.. သူ့လစာပေါ် မှီခိုနေကြတာ။

ဒီက မိန်းမက.. အသားလတ်လတ်-တောင့်တောင့် ကြည့်ပျော်ရှုပျော်ရှိတယ်..။ ဒါပေမယ့် အတော့်ကို ဆင်းရဲရှာတယ်..။ သူအလုပ်လုပ်တဲ့စက်ရုံမှာ.. သန့်ရှင်းရေးဝန်ထမ်း လုပ်ထင်ပါရဲ့ ..။

အဲဒါကို မောင်မင်းကြီးသားက.. နှစ်ခြိုက်တော်မူပြီး.. ယူမယ်ဆိုပြီး ယူခဲ့တာပဲ..။ ယူပြီး မိန်းခလေးဖက်က.. တဆွေလုံး-တမျိုးလုံး အိမ်ပေါ်တက်နေတော့.. မောင်မင်းကြီးသား ခွကျနေတယ်..။

သူက အင်္ဂလိပ်လို တစ်လုံးစ နှစ်လုံးစပဲ ပြောတတ်တယ်..။ သူ့မိန်းမက.. အဲဒီ တစ်လုံးစ-နှစ်လုံးစ ကိုတောင် နားမလည်ဘူး..။

ယောက္ခမတွေ အိမ်ပေါ်တက်နေတဲ့ဒဏ်ကို သူမခံနိုင်တဲ့ အကြောင်း သူ့မိန်းမကို အခုလို ပြောလေ့ရှိတယ်..။ '' အိုင် မဲရစ်ယူ- အိုင်နိုးမဲရစ် ယူအာပါးပါး-ယူအာမားမား '' တဲ့..။

အဲဒါထက်လည်း သူ ရှေ့ဆက် မပြောတတ်တော့ဘူး..။ ဟိုကလည်း အဲဒီ '' အိုင် နိုး မဲရစ် ယူအာပါးပါး '' ဆိုတာတောင် ဘာပြောမှန်းမသိတော့ ဒီထက် ရှေ့ဆက်လည်း အလကားပဲ..။

အဲဒါထက်ပိုပြီး ..သိပ်စိတ်ဆိုးလွန်းအားကြီးရင်တော့.. သူလုပ်တာ တစ်ခုရှိတယ်..။ အဲဒါက သူ့ပတ်စ်ပို့ ပြေးယူတော့တာပဲ..။

မိန်းမလုပ်သူကလည်း.. အဲဒါကို အထာက နပ်နေပြီ..။ ဒီယောက်ျား.. အ၀တ်တစ်ထည်-ကိုယ်တစ်ခုအပြင် ပတ်စ်ပို့ ကိုင်လိုက်တာနဲ့ သိပ်စိတ်ဆိုးနေပြီဆိုတာ.. သိတယ်..။ အဲသလိုတော့ မဖြစ်ချေဘူး ဆိုပြီး
စကားလုံးကလွဲပြီး ကျန်တဲ့နည်းမျိုးစုံနဲ့ ချော့တော့တာပဲ..။

ယောက်ျားက စိတ်ဆိုးတိုင်း ပတ်စ်ပို့ ပြေးယူတော့.. မိန်းမက စိတ်ဆိုးရင်ရော.. ဘာလုပ်တယ်လို့ ထင်လဲ..။ သူလည်း.. ပတ်စ်ပို့ ပြေးယူတာပဲ..။

ဒင်းကို ငါသိပ်ဒေါသထွက်တယ်.. ဒင်းဒုက္ခရောက်သွားအောင် ဒင်းပတ်စ်ပို့ကို ငါတစ်ခုခု လုပ်ပစ်လိုက်မယ်ဆိုတဲ့ သဘောပေါ့..။ ဒီတစ်ခါကျ.. ယောက်ျားက ချော့တဲ့အလှည့်..။

သူ့မိန်းမ တော်ရုံ စိတ်ဆိုးရင် ပတ်စ်ပို့မကိုင်ဘူးဆိုတာလဲ..သူက နောကျေပြီးသား..။

အဲသလိုနဲ့ပဲ.. ပတ်စ်ပို့လုရင်း- ပတ်စ်ပို့လက်ဝယ်ရှိသူကို ကျန်တဲ့သူက အလျော့ပေးချော့မော့ရင်းနဲ့ သူတို့ လင်မယား.. အခုထိ အတူတကွ ရှိနေခဲ့တယ်..။ သူတို့ရဲ့  မျိုးဆက်ကလေးတွေလည်း ကုန်ဆုံးသွားတဲ့
အချိန်တွေအတိုင်း တသွေမတိမ်း ကြီးပြင်းလာခဲ့တယ်..။

သူတို့ ညားခါစက.. ကိုယ့်မြန်မာမိန်းကလေး.. အဖေအရွယ် နိုင်ငံခြားသား ယူရကောင်းသလားဆိုပြီး ကရုဏာဒေါသော ဖြစ်မိသေးတယ်..။ ဒီဘဲကြီးလည်း.. ဒီမှာနေစဉ်.. ယာယီမယားတစ်ယောက်
အတည်လိုလိုနဲ့ သူ့ဆန္ဒအာသာပြေဖို့ တွကကိန်းနဲ့ယူပြီး အချိန်တန်အိမ်ပြန်သွားမှာပါလို့ တွေးခဲ့ဖူးတယ်..။

အခုတော့.. ကျွန်တော့်အထင်.. လွဲပြီထင်ပ..။ တော်ရုံလင်မယား တွဲလက်မမြဲနိုင်တဲ့ ဆယ့်ငါးနှစ်တာကာလကို သူတို့ကျော်လွှားပြခဲ့တယ်..။ ဘဲကြီးရဲ့  အဆင်ကလည်း ဒီသောင်ယံက မောင်မခွါတော့မယ် အခြေအနေရှိမို့ ယနေ့မှစ.. နောင်နှစ်ပေါင်းများစွာ .. သူတို့လင်မယား ပတ်စ်ပို့အပြိုင်လုနေကြဦးမယ် ဆိုတာလည်း
သေချာသလောက်ပါ..။

ကိုယ့်မြန်မာအမျိုးသမီးတစ်ယောက်ကို သားမှတ်မှတ်-မယားမှတ်မှတ် ပေါင်းသင်းလို့ ကျေနပ်မိပေမယ့်.. ဖခင်နဲ့လင်-အရှင်လတ်လတ် ဆုံးရှုံးလိုက်ရတဲ့ သူ့အရင်မိသားစုအတွက်တော့.. ကျွန်တော်စိတ်မကောင်းပါ..။

ကျွန်တော်နဲ့ ဆုံတိုင်း.. အင်ဒိုနီးရှားက သူ့သမီးတွေ အရွယ်ရောက်နေပြီလို့ တမ်းတမ်းတတ-လွမ်းလွမ်းဆွတ်ဆွတ် အခုလို သူ အမြဲ ပြောလေ့ ရှိပါတယ်..။ '' မိုင် ဒေါ့တား .. အော ဘစ် ( my daughters .. all big ) '' တဲ့..။

သူ့ရဲ့  တောင်တစ်ခွန်း-မြောက်တစ်ခွန်း အင်္ဂလိပ်စကားက.. ရယ်စရာကောင်းပေမယ့်.. ကျွန်တော် မရယ်ဖြစ်ပါ..။

Thursday, May 24, 2012

49.2 အမှတ်တရ ဖဲဝိုင်းဖမ်းခံထိတဲ့နေ့



ဟို တစ်ရက်က.. မျှော်လင့်မထားတဲ့ ဖုံးတစ်လုံး ၀င်လာတယ်..။ ကျောင်းမပြီးခင်ကတည်းက.. မတွေ့ဖြစ်တော့တဲ့ သူငယ်ချင်းတစ်ယောက်ဆီက ဖုံးပဲ..။ ထူးခြားတာက.. အခု အဲဒီသူငယ်ချင်းက.. ဘုန်းကြီးဝတ်နဲ့ ဖြစ်နေတယ်..။ ပိုပြီးထူးခြားတာက.. သူလုပ်နေတဲ့ လုပ်ငန်းစဉ်မှာ.. တတပ်တအား ပါဝင်လှူဒါန်းစေခြင်ကြောင်း ပြောလာတာပဲ..။ အဲဒါထက် ပိုထူးခြားတာက.. သူ့လုပ်ငန်းဆိုတာ.. ရွှေဖြစ်ငွေဖြစ် ဖိုထိုးနေတာ ဆိုပဲ..။

ရွှေကလည်း.. ဖြစ်ခါနီးနေပြီတဲ့..။ အီလက်ထရွန် တစ်လုံး ဖယ်ထုတ်ဖို့ပဲ ကျန်တော့သတဲ့..။ တယ်လီဖုံးနဲ့ဆိုတော့လည်း.. ကျွန်တော့်မှာ.. ခွတီးခွကျပေါ့..။ သူပြောသမျှ ပြန်ပြောရတာကအစ.. ဘုန်းကြီးလို “ တင်ပါ့ဘုရား- မှန်ပါ့ဘုရား ” လို့ ပြောရခက်..။ ကျောင်းတုံးကလို “ ဟေ့ကောင်-မင်းဟာက ဟုတ်လို့လားကွာ ” လို့ ရင်းရင်းနှီးနှီး ပြောလို့ကလည်း မဖြစ်..။ အီလက်ထရွန်ကို ဖယ်ထုတ်ဖို့ဆိုတာကလည်း .. လွယ်တာမှတ်လို့..။ ကြားဖူးဖတ်ဖူးထားတာက.. အဏုမြူဗုံးဆိုတာ.. အဲဒီ အီလက်ထရွန်ကိုပဲ.. စွမ်းအင်အခြေမတူတဲ့ ပတ်လမ်းတစ်ခုကနေ အခြားတစ်ခုဆီကို လွတ်မြောက်စေတာကနေ ထွက်ပေါ်လာတာ လို့ပဲ..။

အဲဒါတော့.. သူ့ကို မပြောဖြစ်ပါဘူး..။ သူ့ယုံကြည်ချက်နဲ့ သူဆိုတော့လည်း.. သိပ်ကြီး ကပျက်ယပျက် မလုပ်ချင်တော့ဘူး..။ ဒီကြားထဲ.. သူက ဘုန်းကြီးဝတ်ကြီးနဲ့ဆိုတော့.. အားလည်း နာမိတယ်..။ ပြောလည်း ရမှာ မဟုတ်ဘူး..။ ကျောင်းမှာကတည်းက.. သူက.. ဓါတုဗေဒ.. ခရေဇီ သမား..။ အိပ်တာတောင်.. ရင်ဘတ်ပေါ် ဓါတုဗေဒစာအုပ်မှောက်.. အိပ်တဲ့ကောင်..။

ဒါထားတော့..။ အဓိကက.. သူဖုံးဆက်လာတာကနေ.. ကျောင်းတုံးက.. ဖဲမရိုက်ဘဲနဲ့ .. အဆောင်မှုးက ဖဲဝိုင်းဝင်ဖမ်းတော့.. သူ့ဖမ်းသွားတာ.. ခေါင်းထဲပေါ်လာတာ.. ပြောချင်လို့ပဲ..။ အဲဒီတုံးက.. သူ့ဘေးကုတင်မှာ ဖဲဝိုင်းရှိတယ်..။ သူက.. ဖဲငွေ့တောင်မလှုံဘဲ.. ဓါတုဗေဒ စာအုပ်လေး ရင်ဘတ်ပေါ်တင်ပြီး အိပ်ပျော်နေတယ်..။ ကျွန်တော်တို့ ပထမနှစ်တုံးက.. မန္တလေးစက်မှုတက္ကသိုလ်ကျောင်းအဆောင်တွေက.. hall-type တွေ..။ ရန်ကုန်မှာလို အခန်းသီးသန့်မဟုတ်ဘူး..။

ကုတင်တစ်လုံးနဲ့ တစ်လုံးကလည်း ကပ်လို့..။ အဲဒီတုံးက သူ့ဘေးကုတင်မှာက.. ၀ိုင်း ဖြစ်နေတယ်..။ ၀ိုင်းဖြစ်နေတယ် ဆိုပေမယ့်.. ဆရာလာဖမ်းမှာ စိုးလို့.. အဆောင်ရှေ့မှာ.. အစောင့်ထားသေးတယ်..။ စောင့်ပေးတဲ့ ကောင်က.. အခု စင်ကာပူမှာ.. အခြေကျနေတဲ့.. မျိုးသူရဆွေဆိုတဲ့ကောင်..။ အဲဒီကောင်က.. ထူးအိမ်သင် ခရေဇီ..။ ဂစ်တာတစ်လက်နဲ့.. အဆောင်ရှေ့မှာ.. ဆရာလာ-မလာကို ထူးအိမ်သင် သီချင်းလေးညည်းရင်း စောင့်ပေးရှာတယ်..။ ဒါပေမယ့်.. သီချင်းထဲ ဈာန်ဝင်သွားပြီး.. အဆောင်မှုး သူ့ဘေးကနေ.. ဖြတ်ဝင်သွားတာ.. သတိမထားလိုက်မိဘူး..။ သီချင်းကို ဖီးလ် အပြည့်နဲ့ မျက်စိတွေဘာတွေမှိတ်ပြီး.. အပြည့်ယူနေတော့.. ဆရာကို ဘယ်မြင်မလဲ..။

မျက်စိလည်း ပွင့်လာရော.. ဆရာက.. သူ့ကျော်ပြီး အဆောင်ထဲတောင် ရောက်နေပြီ..။ ဖဲဝိုင်းကကောင်တွေကတော့.. သူ့တို့ဇောနဲ့သူတို့ဆိုတော့.. ဘယ်သိမလဲ..။ အဲဒီတော့မှ.. သူကလည်း ကြောက်အားလန့်အားနဲ့ တာဝန်ကျေ လှမ်းအော်တယ်..။ “ ကို ဥက္ကာရေ.. ဆရာ လာတဲ့ ” တဲ့..။ ရိုက်နေကြတာက.. လူတွေအများကြီး.. ။ စောင့်ခိုင်းတဲ့ကောင်က.. သွေးရူးသွေးတန်းနဲ့.. မုံရွာသား ဥက္ကာ ကို နာမည်တပ်ပြီး.. အော်တော့.. ဥက္ကာကတော့.. နာမည်ပေါက်သွားပြီ..။ ပြေးမရတော့ဘူး..။

ကျန်တဲ့ကောင်တွေကတော့.. ၀ုန်းကနဲနဲ့ ခုန်ပြန်ကျော်လွှား လွတ်ရာ လွတ်ကြောင်း ပြေးကြတော့တာပေါ့..။ အဲဒီထဲက တစ်ယောက်က.. ကြောက်ကြောက်နဲ့ ထိုင်ရာကနေ ထခုန်ပြီး ပြေးတာ.. ဘေးကုတင်မှာအိပ်နေတဲ့.. စောစောက ဓါတုဗေဒစာအုပ်လေး ရင်ဘတ်ပေါ်မှောက်အိပ်နေရှာတဲ့.. သကောင့်သား ဗိုက်တက်နင်းမိတယ်..။ သူ့ဗိုက်တက်နင်းမိတော့.. အဲဒီကောင်လည်း.. “ အားကနဲ အော်ရင်း ငုတ်တိုင်ထထိုင်တယ် ”..။ အဲဒီအချိန် ဆရာက ရောက်လာတော့.. ဖဲထုတ်နဲ့.. ဗိုက်တက်နင်းခံရတဲ့.. ကောင်ပဲ ဖဲဝိုင်းနားမှာ ကျန်ခဲ့တော့တယ်..။

ကျန်တဲ့ကောင်တွေကတော့.. လွတ်သွားတာပေါ့..။ လွတ်တယ်ဆိုပေမယ့်.. တချို့က.. ဆရာမမြင်အောင်.. တံခါးကွယ်မှာ ပုံးနေတော့.. ထွက်မရသေးဘူး..။ ဆရာအပြန်ကို စောင့်နေရတယ်..။ အဲဒီတုံးက တံခါးကွယ်မှာ.. ပုံးနေတာက.. သစ်လွင်ဦးဆိုတဲ့ ကောင်..။ သူ့နာမည်ပြောင်က.. ရော့ခ်ပလွေ..။ ၁၉၉၁ လောက်မှာ.. ဇော်ဝင်းထွဋ်ရဲ့ “ ရော့ခ်တစ္ဆေ ” ဆိုတဲ့ ခွေထွက်တယ်..။ အဲဒီအခွေကို နားထောင်ပြီး.. ဇော်ဝင်းထွဋ်ရဲ့ အသံပါဝါက သူ့လောက် မကောင်းဘူးလို့ ပြောလို့.. သူ့ကို သူငယ်ချင်းများက.. ဟိုက ရော့ခ်တစ္ဆေ..မင်းက ရော့ခ်ပလွေ ဆိုပြီး နာမည်ပေးခဲ့ကြတာ..။

အဲဒီမှာ ဆရာက.. ဖဲထုပ်နဲ့ဝိုင်းကျန်ပိုက်ဆံတချို့ကို သိမ်းရင်း.. သူနဲ့အတူပါလာတဲ့.. အဆောင် EC ကို ပြောတယ်..။ အဆောင် EC ဆိုတာ.. ကျောင်းသားထဲက.. ပြန်ရွေးထားတဲ့ ကျောင်းသားပဲ..။ အဲဒီတုံးက.. ဆရာနဲ့ ပါလာတာက.. မောင်မောင်သန်း ဆိုတဲ့ ရေနံချောင်းသား..။ ဆရာက “ ဟေ့ မောင်မောင်သန်း.. ဖဲရိုက်တဲ့ကောင်တွေကို မှတ်ရအောင် ဘော့ပင်နဲ့ စာရွက် ယူခဲ့ ” လို့ ပြောတယ်..။ ဒါပေမယ့်.. မောင်မောင်သန်းက.. နားနည်းနည်း လေးတော့.. ဆရာမမြင်အောင် ပုံးနေတဲ့ကောင်တွေကို “ ဟေ့ ကောင်တွေ မင်းတို့ကို ဆရာတွေ့သွားပြီ- ထွက်ခဲ့ ” ဆိုပြီး တံခါးကြားက ကောင်တွေကို ဆွဲထုတ်လာတယ်..။

လာဖမ်းတဲ့ ဆရာတောင်.. ခွက်ထိုးခွက်လှန်ရီတယ်..။ သူခိုင်းတာက.. ဘော့ပင်နဲ့စာရွက်ယူခိုင်းတာ.. မောင်မောင်သန်းက.. သောက်တလွဲကြားပြီး ပုန်းနေတဲ့ကောင်တွေကို ဆွဲထုတ်လာတာကိုး..။ ရော့ခ်ပုလွေကဆိုတာ.. မိုးမွှန်နေအောင် ဆဲတော့တာပဲ..။ ဆရာက ဘော့ပင်နဲ့စာရွက်ယူခိုင်းတာကို သူတို့က ကြားပြီး.. ဟိုကောင် မောင်မောင်သန်းက.. မကြားဘဲ သူတို့ကို ဖော်ကောင်လုပ်မှတော့.. ဆဲပြီပေါ့..။

အဲဒီအကြောင်းက.. ခုတော့လည်း သူငယ်ချင်းများ ဆုံတိုင်း.. ပြောပြော ရီနေကြတဲ့.. ကျောင်းတုံးက.. အမှတ်တရ တစ်ခုကို ဖြစ်လို့..။





Tuesday, May 15, 2012

49.1 ကျမကို ချစ်ရင်တဲ့.. အံ့ရော



ဘလော့ဂ်ကို မရေးဖြစ်တာ အတော်ကြာပါပကော..။ အဓိကကတော့.. မအားနေတာရယ်.. အင်တာနက်နဲ့ အလှမ်းဝေး နေတာရယ်ကြောင့် မရေးဖြစ်တာပဲ..။ ဒီကြားထဲ ကျန်းမာရေးကလည်း.. နည်းနည်း လေး ယိုယွင်းချင်လာတယ်..။ ယွင်းပြီပေါ့..။ အသက်ကလည်း.. လေးဆယ်ကျော်ခဲ့ပြီ..။ အနေအထိုင်အစားအသောက်ကလည်း.. မဆင်မခြင် အရင်အတိုင်း ကိုး..။

အရက်ဆိုတာကလည်း.. ဘယ်ကနေဘယ်လို.. ရှောင်ရမှန်းကို မသိဘူး ဖြစ်နေတယ်..။ ပေါင်းနေသင်းနေတာကလည်း.. ပုလင်းတူဗူးဆို့တွေ..။ ထွက်လိုက်ရတဲ့ ခရီးဆိုတာကလည်း.. အိမ်မှာ နေရတယ်ကို မရှိဘူး..။ ကြာလာတော့.. ဟိုနားက နာသလိုလို- ဒီနားကနာသလိုလိုနဲ့- မော်တော်ကားစကားနဲ့ ပြောရရင်.. အင်ဂျင်ကကျနေပြီ..။

မဒမ်ကတော့.. တဖွဖွပြောရှာတယ်..။ ဆေးလေးဘာလေး စစ်ပါလားတဲ့..။ စစ်မနေချင်ပါဘူးအေ.. ရောဂါသိရတော့လည်း ကုနိုင်တာလိုက်လို့.. လို့ ဘာရယ်မဟုတ် ပြန်ပြောမိတယ်..။ အဲသလိုနဲ့.. နေခဲ့တာ.. လေးငါးနှစ်လောက် ရှိခဲ့ပြီ..။ ပြီးခဲ့တဲ့ သုံးလေးလလောက်ကတော့.. ရင်ဘတ်ထဲက အောင့်သလိုလိုရှိတာနဲ့ ဆရာဝန်သွားပြဖြစ်တယ်..။

စစ်လိုက်ရတဲ့ ဆေး..။ ကိုးဆယ့်ခြောက်ပါးလုံး ကုန်ရော..။ နောက်ဆုံးတော့ အဖြေထွက်တယ်..။ အသည်းရောင်နေတယ်..။ ကိုလက်စရောများနေတယ်..။ LDL က ရှိသင့်တာထက် သုံးဆလောက်ဖြစ်နေသတဲ့..။ ဆရာဝန်က ပြောရှာတယ်..။ ခင်ဗျားကို နဂိုရ်က.. တစ်နေ့ လေးပက်လောက်တော့ သောက်ခွင့်ပေးမလို့ တဲ့..။ အခု ဆေးစစ်ချက်ထွက်လာတော့.. လုံးဝသောက်လို့ မဖြစ်တော့ဘူးတဲ့..။

အနည်းဆုံး ဆေးသုံးလလောက် စွဲသောက်ပြီး.. အခြေအနေကောင်းမှ ပြန်သောက်ပါ လို့ မှာတယ်..။ ဒါပေမယ့်.. သို့သော်.. ဘယ်လိုပြောရမလဲ.. ခက်သားကလားကိုး.. ဆရာဝန်မှာတမ်း အသာဘေးချပြီး.. ရံဖန်ရံခါတော့လည်း.. သောက်နေမိတာပဲ..။ အရင်လောက်တော့.. မသောက်ဖြစ်တော့ပါဘူး..။

ဆရာဝန်ချိန်းတဲ့ follow up မကြာခင်က သွားပြဖြစ်တယ်..။

ခင်ဗျားကြည့်ရတာ.. ကောင်းလာသလိုပဲလို့ ဆရာ၀၀န်က ပြောတယ်..။ အော်-အင်း-ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ပေါ့..။ ဆရာဝန်က ထုံးစံအတိုင်း.. ဟိုစမ်းဒီစမ်းလုပ်ပြီး.. နောက်တစ်ကြိမ် follow up အတွက် ရက်ချိန်းပေးတယ်..။ လာမယ့် July လ.. 19 ရက်နေ့ တစ်ခေါက်ပြန်ပြပါတဲ့..။ ဆယ့်ကိုး ဂျုလိုင်ပေါ့..။

သူ့ရက်ချိန်း ကြားတော့.. ဘာရယ်မဟုတ် ကျောင်းနေဖက်သူငယ်ချင်းတစ်ယောက်.. သူ့ရည်းစားဆီက အဖြေတောင်းတာ.. သွား သတိရမိတယ်..။ ကောင်မလေးကို proposed လုပ်ပြီး.. အဖြေတောင်းတော့.. ကောင်မလေးက.. စဉ်းစားအုံးမယ်.. တစ်လပြည့်တဲ့နေ့ အဖြေပေးမယ်လို့ ပြောလွှတ်လိုက်တယ်..။ သူ proposed လုပ်တဲ့ ရက်က.. ဇွန်လဆယ့်ကိုးရက်နေ့..။

ဆိုတော့.. သူ့ကို အဖြေပေးမယ့်နေ့က.. ဂျုလိုင်ဆယ့်ကိုး ဖြစ်နေတယ်..။ သူကတော့ မသိရှာပါဘူး..။ သူငယ်ချင်းတွေ စုနေတဲ့ တိုက်ခန်းပြန်ရောက်တော့.. အဲဒီအကြောင်း သူဖောက်သည်ချတယ်..။ အဲဒီမှာ.. ငလုံး ဆိုတဲ့ကောင်က.. ဟ-မင်းကို အဖြေပေးမယ့်ရက်က.. ဆယ့်ကိုးဂျုလိုင်ဖြစ်နေတယ်..။ အဲဒီနေ့က အာဇာနည်နေ့ကွ..။ တို့ တတိုင်းပြည်လုံး ၀မ်းနည်းရတဲ့နေ့..။ မင်းလည်း အခြေအနေကောင်းမှာ မဟုတ်ဘူးလို့ ထပြောတယ်..။

အဲဒီကျမှ.. သကောင့်သားလည်း.. ကောင်မလေးဆီ တစ်ခေါက်ပြန်သွားပြီး.. အဖြေကို.. တစ်ရက်စောပြီး ပေးချင်ပေးပါ..။ ဒါမှ မဟုတ်.. တစ်ရက်နောက်ကျပြီး ပေးချင်ပေးပါလို့ .. တောင်းဆိုတယ်..။ ကောင်မလေးက.. တစ်ရက်နောက်ဆုတ်ပြီး ဂျုလိုင်နှစ်ဆယ်ရက်နေ့ အဖြေပေးမယ်လို့ သဘောတူလိုက်တယ်..။

အဲဒီရက်ရောက်တော့.. သကောင့်သား အစောကြီး အခန်းကနေ ထွက်သွားတယ်..။ ပြန်လာတော့ မျက်နှာက မသာမယာနဲ့..။ ဘာဖြစ်လာတာလဲ- အဆင်မပြေခဲ့ဘူးလားလို့ အားလုံးက ၀ိုင်းမေးတော့.. တစ်ဝက်ပြေ-တစ်ဝက်မပြေ လို့ မပွင့်တပွင့် နဲ့ ပြန်ဖြေတယ်..။

မချစ်နိုင်ဘူးလို့ ပြောလွှတ်လိုက်လို့လား ဆိုပြန်တော့လည်း မဟုတ်ဘူးတဲ့..။ ဒါဖြင့်ရင်.. နောက်ထပ် ရက်ချိန်းထပ်ပေးလို့လား ဆိုပြန်တော့လည်း.. မဟုတ်ဘူးတဲ့..။ ဒါဆိုရင် -မင်းဟာက ဘာလဲကွာ လို့ သူငယ်ချင်းတွေက.. စိတ်မရှည်တဲ့ လေသံနဲ့ မေးတော့မှ.. ကောင်မလေးက.. အချက်နှစ်ချက် တောင်းဆိုလိုက်လို့ဟေ့ လို့.. သကောင့်သားက ပြောတယ်..။

အင်း ပြောစမ်းပါအုံး.. သူက ဘာတွေတောင်းဆိုလိုက်လို့လဲ.. လင်းစမ်းပါအုံး ဆိုတော့.. သကောင့်သားက.. ပြောရခက်နေတယ်..။ သက်ပြင်းကို အတွဲလိုက်ချ- အခန်းမျက်နှာကျက်ကို အကြောင်းမဲ့အကြာကြီးမော့ကြည့်- နောက်တော့မှ အသက်ဝအောင် ရှုပြီး အခုလိုပြောတယ်..။

"ကောင်မလေးက သူ့ကို ကြိုက်ရင် အရက်ဖြတ်ရမယ်" တဲ့..။

ဟ-ဒါများ.. ဖြတ်မယ်ပြောလိုက်ပေါ့..။ ညားပြီးမှ ပြန်သောက်-အဲဒီအချိန်ကျ သူလည်း ဘာတတ်နိုင်တာမှတ်လို့ - ဆိုပြီး ငလုံးက ထပြောတယ်..။ ကျန်တဲ့လူတွေကလည်း.. ဟုတ်သားပဲ-အဲဒါများကွာ ပေးလိုက် ကတိ၊ ဆိုပြီး ၀ိုင်းပြောကြတယ်..။

အေး.. ငါကိုယ်တိုင်လည်း.. အဲဒီအချက်တော့.. လိုက်လျောနိုင်ပါတယ်..။ ဒါပေမယ့်..နောက်တစ်ချက် ရှိသေးတယ်..။ အဲဒါက သဘောတူဖို့ တော်တော်ခက်တယ်ကွ ဆိုပြီး.. " သက်ပြင်းတွေ အတွဲလိုက်ချ- မျက်နှာကျက်မော့ကြည့် " လုပ်နေပြန်တယ်..။

ဟ- ဘာကတိမို့လို့လဲ လို့ အားလုံးက ၀ိုင်းမေးကြတယ်..။ သူတော်တော်နဲ့ မဖြေဘူး..။ သူငယ်ချင်းများက.. လုပ်ပါ.. ငါတို့လည်း ၀ိုင်းစဉ်းစားပေးလို့ရတာပေါ့..။ နို့မို့ရင် မင်းဇာတ်လမ်းက.. လိပ်ခဲတင်းတင်းဖြစ်နေမှာ.. ဆိုပြီး မရမက အတင်း အစ်အောက်တော့မှ..

" သူ့ကို ချစ်ရင် ငါ့ သွားခေါ ကို ပြင်ပေး ရမယ် တဲ့ ကွာ " တဲ့..။ အဖြေက ထွက်လာတယ်..။

မိန်းမများ တောင်းဆိုစရာ ရှားလို့..။ အဲဒီသကောင့်သားကလည်း သွားက တော်တော်လေး ခေါရှာတယ်..။ မွေးရာပါ ခေါ တာ။ အဲဒါကြီး သွားပြုပြင်လို့ ဘယ်ဖြစ်မလဲ..။ အဲဒါက.. သူ့ရဲ့ trade mark ..ပဲ..။ ငယ်တုံးက.. ပြင်ခိုင်းရင်လည်း တော်သေး။ တသက်လုံး ခေါ လာတဲ့ သွား.. ချစ်သူအလိုကျအောင်.. ရိုက်ချိုးပြုပြင်လိုက်ဖို့ ဆိုတာ လွယ်တာမှတ်လို့..။

ဟေ့ အဲဒါတော့.. အဲဒီကောင်မ လွန်တယ်။ မကြိုက်ရင်လည်း နေပစေ..။ မင်း trade mark တော့ အပျက်မခံနဲ့..။ ဆိုပြီး တချိန်လုံးငြိမ်နေတဲ့ ကလေးသား သန်းဝင်းနိုင်က မှတ်ချက်ဝင်ပေးတယ်..။

အခုတော့လည်း.. အဲဒီ သွားခေါ လက်မောင်းကို ကနွဲ့ကယျချိတ်ပြီး.. ကလေးတစ်ယောက်နဲ့ မိသားစုလိုက် ကြွချီလာတာ.. ဟိုးတစ်ရက်က.. မင်္ဂလာဆောင်တစ်ခုမှာ တွေ့လိုက်ရတယ်..။

သွားက အရင်ထက်တောင် ပိုခေါ လာ သလိုပဲ..။ အဲဒီနေ့က..။