Wednesday, August 20, 2008

19.1 အရက်ချက်နည်း နိဿရည်း

ဒါပေမယ့် အရင်နှစ်တွေနဲ့ မတူဘဲ အိမ်မှာအရက်ပုံးချက်ဖို့ ကံကြမ္မာက ဖန်လာခဲ့တော့တယ်..။

ကျွန်တော်တို့ အရှေ့ဖက်အိမ်က ဒေါ်သိန်းညွှန့်လို့ ခေါ်တဲ့ အဒေါ်ကြီးက အရက်ပုံးရောင်းတယ်..။ ငွေတိုးပေးတယ်..။ အထူးသဖြင့် နေ့ပြန်တိုးပေးတယ်..။ အမေက နေ့ပြန်တိုးယူပြီး ပြန်မဆပ်နိုင်တော့ ဒေါ်သိန်းညွှန့်က အရက်ချက်ပြီး ပြန်ဆပ်လို့ အကြံပေးတယ်..။

ရွာမှာ မကြာခန အရက်ချက်တဲ့ အိမ်တွေ အဖမ်းခံရလေ့ရှိတယ်..။ ထောင်ကျတဲ့အထိ မဖြစ်ပေမယ့် ယစ်မျိုးအမှု ဘယ်လောက်အပ်ရမယ်ဆိုတဲ့ စီမံချက်လာတိုင်း နာမည်ပေါက်အရက်ချက်တဲ့သူ ကို ရဲက စွဲစေ့လေ့ ရှိတယ်..။

အစက အမေနည်းနည်းတွေဝေ နေသေးတယ်..။ ကျွန်တော်နဲ့ ကျွန်တော့်အကိုက ကျွန်တော်တို့ချက်မယ်.။ သိုသိုသိပ်သိပ်လုပ်ရင် မသိနိုင်ပါဘူး..။ ဒေါ်သိန်းညွှန့်ကြီးကိုသာ လုံအောင်ပိတ် လို့ ပြောမှ အမေသဘောတူတယ်..။

အဲဒီလိုနဲ့ အရက်ချက်ဖို့ ပြင်ဆင်ကြတယ်..။ ရေထည့်တဲ့ ရာဝင်အိုး တစ်လုံးကို စိမ်ရေဖောက်ဖို့ သုံးလိုက်ရတယ်..။ (ပိဿာချိန် တစ်ရာဆန့်တဲ့ စဥ့်အိုးကို ရာဝင်အိုး လို့ ခေါ်တယ်..။ တစ်ရာ့ငါးဆယ် ဆန့်တဲ့အိုးကိုတော့ ရာ့ငါးဆယ်ဝင်အိုး လို့ ခေါ်လေ့ရှိတယ်..။ )

စိမ်ရေဖောက်တယ်ဆိုတာ ကဇော်ဖောက်တာပါပဲ..။ အိုးထဲမှာ ထန်းရည်ချိုး လို့ခေါ်တဲ့ ဟာရယ် ထနောင်းခေါက်ရယ် ထန်းလျက်ရယ် ရေအပြည့်ထည့်ပြီး အုပ်ထားရတယ်..။ ထန်းလျက်အရက်ပေါ့..။ ဆန်အရက် ပြောင်းဖူးအရက် ပန်းဂျုံအရက် ဆိုတာတွေက ဆန်နဲ့ ပြောင်းဖူးနဲ့ ပန်းဂျုံနဲ့ ချက်တာ..။

ကျွန်တော်တို့က ထန်းလျက်နဲ့ ချက်တာဆိုတော့ ထန်းလျက်အရက်ပေါ့..။ ရွာမှာက ထန်းလျက်အရက်ပဲ ချက်ကြတယ်..။ ထန်းလျက်က သိပ်ပေါတာကိုး..။ အရက်ချက်ဖို့အတွက် သင့်တော်တဲ့ ထန်းလျက်က မဲမဲတူးတူး ထန်းဖိုဦး ထန်းလျက်ပဲ..။

ထနောင်းခေါက်ဆိုတာက နွေထနောင်း ဆောင်းမန်ကျီး ဆိုတဲ့ စာချိုးထဲက ထနောင်းပင်အခေါက်ပေါ့..။ အညာမှာ ထနောင်းပင်သိပ်ပေါတယ်..။ အဲဒီအပင်က အခေါက်ကို ဓါးနဲ့လှီးပြီး အရက်ချက်တဲ့နေရာမှာ သုံးလေ့ရှိတယ်..။ ( နွေထနောင်း၊ ဆောင်းမန်ကျီး ဆိုတာ နွေဆိုရင် ထနောင်းပင်အောက်က အေးပြီး ဆောင်းဆိုရင် မန်ကျီးပင်အောက်က နွေးတယ် ဆိုတာကို စာချိုးထားတာပဲ )

အဲဒီထနောင်းခေါက်ရယ် ထန်းရေချိုးရယ် ထန်းလျက်ရယ် ရေရယ် ရောထည့်ထားလိုက်ရင် အမြုပ်ကလေးတွေ ပလုံစီပြီး ဓါတ်ပြုကြတယ်..။ စဥ့်အိုးကို ဖွင့်ကြည့်ရင် ပေါက်ပေါက်ဖောက်သလို ပလုံစီနေတာကို မြင်ရတယ်..။

ရွာဖက်က တချို့ အရက်ချက်တဲ့သူတွေက စင်ကြယ်ရာဘာဖိနပ်အပြတ်တွေလည်း ထည့်ကြတယ်..။ စိမ်ရေဖောက်ရာမှာ အဲဒီရာဘာက အတော်ကောင်းတယ်.. အရက်ပြင်းတယ်လို့ ပြောကြတယ်..။ တချို့ဆို ဖားကပြုပ်ချောက်တောင် ထည့်ပြီး စိမ်ရေဖောက်တယ်လို့ သိရတယ်..။ ကိုယ်တိုင်တော့ မကြုံဖူးပါဘူး..။ သူများပြောတာ ကြားဖူးတာပါ..။

အမြုပ်ကလေးတွေ ပလုံစီပြီး ဓါတ်ပြုတာ သုံးလေးရက်လောက်ကြာလေ့ရှိတယ်..။ အဲဒီအမြုပ်ကလေး ပလုံစီတာ ငြိမ်သွားရင် အရက်ချက်လို့ ရပြီ..။

မောင်ဂျေအယ်လ်တို့ တောင်းဆိုတာနဲ့ အရက်ချက်နည်းနိဿရည်းကို ပြီးခဲ့တဲ့ စနေတနင်္ဂနွေမှာ အမေ့ ပြန်မေးခဲ့တယ်..။

အဖေနဲ့အမေက လှိုင်သာယာမီးခွက်ဈေးနားမှာ နေတယ်..။ စနေတနင်္ဂနွေအလုပ်ပိတ်ရက် ဆိုရင် ကျွန်တော်တို့မိသားစု အဖေအမေအိမ်ကို သွားလည်လေ့ရှိတယ်..။

ကျွန်တော့်အမနဲ့ ညီမက အဖေအမေနဲ့ အတူနေတယ်..။ ရုံးပိတ်ရက် အိမ်မှာ လူစုံရင် ဖဲရိုက်ကြတယ်..။ မဒမ်နဗနကိုလည်း ဖဲရိုက်နည်း သင်ပေးထားတော့ သူလည်း တအိမ်ပေါ့..။

ပိုကာဒေါင်းကြတာပါ..။ မနေ့က အမေဖဲသိပ်ကောင်းတယ်..။ သူချည်းဒေါင်းတာပဲ..။ ပိုကာဒေါင်းတာမှာ သုံးကြိမ်ဆက်တိုက်ဒေါင်းရင် ဒေါင်းကြေးနှစ်ဆပေးရတယ်..။ ဖဲသမားတွေကတော့ အဲဒီလိုမျိုး သုံးကြိမ်ဆက်ဒေါင်းတာကို '' တုတ် '' တယ်လို့ ခေါ်တယ်..။ ( ဘာလို့ခေါ်မှန်းတော့ အတိအကျမသိဘူး )

အမေ နှစ်ကြိမ်ဆက်ဒေါင်းတယ်..။ နောက်တစ်ကြိမ်ဆက်ဒေါင်းရင် သုံးကြိမ် '' တုတ် '' ပြီပေါ့..။ အမေ ဖဲဝေနေတုံး ဂျေအယ်လ်မေးတဲ့ အရက်ချက်နည်း အသေးစိတ် အမေ့ကိုမေးဖို့ ကျွန်တော်သတိရတယ်..။

အဲဒါနဲ့ အမေ့ကို ရွာတုံးက ကျွန်တော်တို့အရက်ချက်တာ ထန်းလျက်နဲ့ ရေ ဘယ်လောက်ချိုးသလဲ လို့ ကျွန်တော်မေးတယ်..။ အရင်းမရှိ အဖျားမရှိ ဖဲရိုက်နေတုံး ဟိုးလွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက်က အရက်ချက်တဲ့အကြောင်း ကျွန်တော်က ထမေးတော့ အမေနဲ့ ကျွန်တော့်ညီမက တမျိုးထင်သွားတယ်..။

ညီမလုပ်တဲ့သူက ''အကိုက အမေဖဲဝေနေတုံး ဖဲမှားဝေအောင် သက်သက်မဲ့ နှောင့်ယှက်တာပဲ ..အကျင့်ကိုယုတ်တယ် '' လို့ ကောင်းချီးပေးတယ်..။ ဖဲဝေမှားရင် တုတ်ပျက်တယ်..။ တုတ်ပျက်တယ်ဆိုတာ.. ဖဲမှားဝေပြီး သုံးကြိမ်ဆက်ဒေါင်းလည်း ဒေါင်းကြေးနှစ်ဆမရတော့တာကို ပြောတာ..။

အမေကတော့ ဖဲ တစ်ဆယ့်သုံးချပ်ကို ''တစ်နှစ်သုံးလေးငါးခြောက် '' လို့ ဝေရင်း ရည်ရင်း '' ဘယ်လိုလုပ်မှတ်မိတော့မှာလည်း ကြာပြီ '' လို့ ပြန်ပြောတယ်..။

အကျင့်ယုတ်ပြီး အမေဖဲမှားဝေအောင် မေးတာမဟုတ်ပါဘူးဗျာ.. အင်တာနက်မှာ အရက်ချက်နည်း အကြောင်းလေး ရေးနေလို့ မေးတာပါ လို့ ကျွန်တော် ရှင်းပြရတယ်..။ ဒါတောင်မှ .. '' ပေါက်ပေါက်ရှာရှာ အင်တာနက်မှာ အရက်ချက်နည်းအကြောင်း ရေးတယ် '' လို့ ညီမက မကျေမချမ်း ၀င်ပြောသေးတယ်..။


အသေးစိတ်အချိုးတွေတော့ မမှတ်မိတော့ဘူး.. ဒါပေမယ့် ထန်းလျက် တပိဿာကို သုံးပုလင်း ယူတယ် ၊ လေးပုလင်းယူရင် အရက်က အရမ်းပျော့သွားရော လို့ မွေးသမိခင်က ရှင်းပြတယ်..။

အမေက အဲဒီလိုမျိုး အစဖော်ပေးလိုက်မှ .. ထန်းလျက်တပိဿာ အရက်သုံးပုလင်း ယူရတယ်ဆိုတာ မျက်စိထဲ ပြန်မြင်လာတယ်..။

အမြုပ်သေသွားတဲ့ စိမ်ရည်ကို ပေါင်းအိုးထဲ ထည့်ရတယ်..။ ကျွန်တော်တို့က တနိုင်တပိုင်ချက်တာဆိုတော့ ရွာဖက်မှာသုံးတဲ့ သောက်ရေအိုးကို ပေါင်းအိုးလုပ်တယ်..။ ( တချို့ပန်းချီကားတွေထဲမှာ ကောင်မလေးရေအိုးကို ခါးစောင်းတင်ထားတဲ့ပုံရှိတယ်.. အဲဒီထဲက ရေအိုးပုံမျိုးပဲ )

အဲဒီလိုမျိုး ရေအိုးကို စိမ်ရည်ထည့်ပြီး အောက်က မီးထိုးရတယ်..။ အဲဒီရေအိုးရဲ့ အပေါ်မှာကတော့ ဒန်အိုးတစ်လုံး ထပ်တင်ထားတယ်..။ ဒန်အိုးရဲ့ ဖင်နဲ့ အောက်ကပေါင်းအိုးရဲ့ အပေါ်နှုတ်ခမ်းလုံအောင်ကတော့ အ၀တ်စုတ်တစ်ခုကို ရေစွတ်ပြီး သရိုးကိုင်သလိုမျိုး လုပ်ရတယ်..။

မီးထိုးလိုက်လို့ စိမ်ရည်ပွက်ပြီး ထွက်လာတဲ့ အငွေ့တွေ ဒန်အိုးနဲ့ ပေါင်းအိုး စပ်ကြားက မထွက်သွားအောင်လို့ သရိုးကိုင်ရတာပဲ..။ (ရန်ကုန်ဘုရားပွဲတွေမှာ ရောင်းတဲ့မုန့်ပေါင်းဖိုလိုမျိုး ဆန်ဆန်ပေါ့ )

ထူးခြားတာက ဒန်အိုးကို ဖင်ခွက်ထားရတယ်..။ ဒန်အိုးထဲမှာ ရေအေးထည့်ထားရတယ်..။ ဒါမှ..အောက်က စိမ်ရည်ငွေ့က ဒန်အိုးဖင်ကိုရိုက်ပြီး ဒန်အိုးထဲက ရေအေးကြောင့် ငွေ့ရည်ဖွဲ့ပြီး အရက်ဆိုတာ ဖြစ်လာမှာ..။

ဒန်အိုးကို ဖင်ခွက်ထားတော့ ငွေ့ရည်ဖွဲ့ထားတဲ့ အရက်က အဲဒီဖင်ခွက်ထားတဲ့နေရာမှာ လာစုတယ်..။ အဲဒီဖင်ခွက်အောက်တည့်တည့်မှာ ကတော့ခံထားတယ်..။ အဲဒီကတော့ကိုတော့ ပေါင်းအိုးဘေးနံရံဖောက်ပြီး ပိုက်နဲ့ အပြင်ဖက်ထုတ်ထားတယ်..။ ပိုက်အဆုံးမှာ ကတော့ ပုလင်းပေါ့..။

မီးထိုးလိုက်လို့ စိမ်ရည်တွေက အပေါ်က ဒန်အိုးဖင်ကို ငွေ့ရည်ရိုက်တယ်..။ အဲဒီငွေ့ရည်တွေက ဒန်အိုးထဲက ရေအေးကြောင့် ငွေ့ရည်ဖွဲ့ပြီး ဒန်အိုးဖင်ခွက်မှာ လာစုပြီး အရည်အဖြစ် အောက်က ကတော့ထဲမှာစုမိတယ်..။ ကတော့နဲ့ဆက်ထားတဲ့ ပိုက်ကတဆင့် အပြင်ဖက်က ပုလင်းထဲကို အဲဒီအရည်တွေ တစ်စက်ခြင်းကျတယ်..။

အဲဒီလိုမျိုး တစ်စက်ခြင်းကျလာတဲ့ အရည်တွေကို .. '' တစ်စက်ကျရည် '' '' သေရည်သေရက် '' '' ခွေးမသောက်တဲ့ အရည် '' သို့မဟုတ် '' အရက် '' လို့ ခေါ်ပါတယ်ခင်ဗျား..။

(မီးထိုးတာ အရှိန်ရလာရင်တော့ တစ်စက်ခြင်းမဟုတ်တော့ဘဲ.. တောက်လျောက် ကလေးလေး သေးပေါက်သလောက် ကျတယ်..။ အဲဒါကို ကြွက်မြီးတန်းတယ်လို့ ခေါ်တယ်...)

ပြောခဲ့သလိုပါပဲ..။ အဖမ်းအဆီးနဲ့ ရဲကြောက်တော့ ညမှာ ခိုးချက်ကြရတယ်..။

အပေါ်ဒန်အိုးထဲ ထည့်တဲ့ ရေက မကြာခန လဲ ပေးရတယ်..။ ဆယ်မိနစ်လောက်ပဲ ခံတယ်..။ ရေက ပူပူလာတယ်..။ ရေအေးနေမှ အရက်က ငွေ့ရည်ဖွဲ့ပြီး ကျမှာကိုး..။

Tuesday, August 19, 2008

19.2 တွက်ကပ်တဲ့တို့ညီအကို

အဲဒီလို ရေလှယ်တာကို ညီအကိုသုံးယောက် တစ်ယောက်တစ်လှည့် လုပ်ကြတယ်..။ အမေက တာဝန်ခွဲထားလို့ မဟုတ်ပါဘူး..။ ပြောရရင် ကျွန်တော်တို့ ညီအကိုတတွေက သိပ်ကတ်တွက်တယ်..။

တစ်ယောက်နဲ့တစ်ယောက်က နှစ်နှစ်ကြီးနှစ်နှစ်ငယ် ဆိုတော့ သိပ်မကွာတာကြောင့်လဲ ပါမယ်..။ အဖေနဲ့တောင် ညီအကိုလို ပြောပြုဆက်ဆံတဲ့ မိသားစုဆိုတော့ ညီအကိုချင်းလည်း ညီလေးရေအကိုကြီးရေ လို့ မပြောဖြစ်သလောက်ပဲ..။

ဘယ်လောက်ထိ ကတ်တွက်သလဲဆိုရင် တခါတရံ ညီအကိုသုံးယောက် အိမ်ဘေးက ဘုန်းကြီးကျောင်းကို ရေချိုးသွားရင် အိမ်နဲ့ဘုန်းကြီးကျောင်းအကွာအဝေးသုံးပိုင်းပိုင်းပြီး ဆပ်ပြာခွက်နဲ့ ရေပုံးကို ညီအကိုသုံးယောက် တစ်လှည့်စီ ကိုင်ကြတယ်..။

ထမင်းချက်ရင်လည်း အလားတူပဲ..။ စပလုံးရွေး ဆန်ဆေးတာက တစ်ယောက်..။ မီးမွှေးပြီး ပွက်တဲ့အထိ ထိုင်ကြည့်တာက တစ်ယောက်..။ ထမင်းရည်ငဲ့ပြီး နပ်တာက တစ်ယောက်..။ အဲဒါကို ကျွန်တော်တို့က ပထမတာဝန်၊ ဒုတိယတာဝန်၊ တတိယတာဝန် လို့ နာမည်ပေးပြီး မင်းကပထမတာဝန်ယူ ငါက ဒုတိယ ဟိုတစ်ယောက်က တတိယတာဝန် စသဖြင့် ခွဲဝေလုပ်ဆောင်ကြတယ်..။

ဒါပေမယ့် စာကျက်နေရင်တော့ အဲဒီလူ အိမ်မှုကိစ္စတွေကနေ ကင်းလွတ်ခွင့်ရတယ်..။ ကျွန်တော့်ဆိုရင် အကိုနဲ့ညီက သိပ်မကြည်ဘူး..။ များသောအားဖြင့် ကျွန်တော်က စာကျက်နေတတ်တော့ အဖေက အိမ်မှုကိစ္စခိုင်းစရာ ရှိရင် ကျန်တဲ့ မောင်နှမတွေကိုပဲ ခိုင်းလေ့ရှိတယ်..။

အလုပ်မလုပ်ချင်လို့ စာကျက်နေတယ်.. အလကားကောင်လို့ ကျွန်တော့်ကို ကျန်မောင်နှမတွေက ကောင်းချီးပေးကြတယ်..။ မင်းတို့လည်း အလုပ်မလုပ်ချင်ရင် ငါ့လို စာကျက်ပေါ့ကွ လို့ ကျွန်တော်က ပြန်ပက်လေ့ရှိတယ်..။

ဒါပေမယ့် သူတို့စာကျက်တအားပျင်းတယ်..။ ကျွန်တော့်ညီဆိုရင် အဖေက အင်္ဂလိပ် meaing တစ်လုံး အလွတ်ရရင် တစ်မတ် ပေးမယ်အထိ ကမ်းလှမ်းပြီး စာကျက်ခိုင်းရတယ်..။

ကျွန်တော်တို့ ညီအကိုတတွေက အဲဒီလိုမျိုး..။

အိမ်အတွက် သောက်ရေနဲ့သုံးရေ ကိုလဲ တစ်ယောက်တစ်ရက် ထမ်းကြတယ်..။ သောက်ရေက ဧရာဝတီမြစ်အထိ သွားခပ်ရတယ်..။ မြစ်နဲ့အိမ်နဲ့က သုံးဖာလုံလောက် ဝေးတယ်..။ သုံးရေကတော့ အိမ်ဘေး ဘုန်းကြီးကျောင်းက ခပ်ရတာဆိုတော့ နီးပါတယ်..။

ဒါတောင်မှ တခါတရံ သူ့ကတ်တွက်ကိုယ့်ကတ်တွက်နဲ့ အိမ်မှာ ရေပြတ်ပြတ်သွားသေးတယ်..။

အဲဒီလိုမျိုး အိမ်မှာ ရေပြတ်သွားရင် အဖေက ကျွန်တော်တို့ကို ပညာသားပါပါနဲ့ နှိပ်ကွပ်တယ်..။ တစ်ရက်အိမ်မှာ ရေမရှိဘူး..။ အဖေက မင်းတို့ကောင်တွေ ရေမခပ်ဘူး အိမ်မှာ သုံးစရာရေမရှိတော့ဘူးလို့ တိုက်ရိုက်ကြီးမပြောဘဲ ကျွန်တော် အိမ်နောက်ဖေးမှာ သေးထိုင်ပေါက်နေတုံး အဖေက ရေခွက်ကြီးနဲ့ ပြေးလာပြီး..

'' ငါ့သား သေးကို ဒီခွက်ထဲပေါက်.. အဖေထမင်းစားပြီး လက်ဆေးပလုတ်ကျင်းဖို့ ရေမရှိလို့ '' လို့ ပြောတော့တာပဲ..။

အခုမိသားစု ဆုံတိုင်း အဲဒီအကြောင်း ပြန်ပြောပြီး ရယ်ကြတယ်..။

ရှေးဟောင်းနှောင်းဖြစ်တွေပေါ့..။ ညီအကိုတတွေ မကြာခန ရန်ဖြစ်တယ်..။ တစ်ယောက်နဲ့တစ်ယောက် တွက်ကတ်ပြီး စကားကအစ အတင်စီးမခံကြတော့ နောက်ဆုံး ရန်ပွဲနဲ့ အဆုံးသတ်လေ့ရှိတယ်..။ တခါက အိမ်မှာ ကျွန်တော်တို့ ညီအကို သုံးယောက်ထဲရှိတယ်..။

ထုံးစံအတိုင်း ချက်ရေးပြုတ်ရေး အလုပ်တွေ ခွဲဝေလုပ်ကြတယ်..။ ဒါပေမယ့် ကျွန်တော်က ကျုရှင်တဖက်နဲ့ ဆိုတော့ အိမ်ရဲ့ ချက်ရေးပြုတ်ရေးမှာ သိပ်မလုပ်ဖြစ်ဘူး..။ မနက်လင်း ကျုရှင် ညနေကျုရှင် ဆိုတော့ အကိုနဲ့ ကျွန်တော့်ညီပဲ ထမင်းဟင်းချက်ပြုတ်ကြရတယ်..။

အချိန်တန်အိမ်ပြန်လာပြီး သူတို့ချက်ပြုတ်ထားတာလေး အသင့်စားသလိုမျိုး ဖြစ်နေတော့ အကိုက ကျွန်တော့်ကို မကြည်ဘူး..။ တစ်ရက် အကိုက မီးဖိုချောင်ထဲမှာ ထမင်းချက် နေတယ်..။ ကျွန်တော်က ကျုရှင်သင်ပြီး ပြန်အလာ ဗိုက်ဆာတာနဲ့ မီးဖိုချောင်ထဲ ၀င်တယ်..။ အကိုက မကြည်မလင်နဲ့ ကျွန်တော့်ကို မျက်လုံးလှန်ကြည့်တယ်..။ နောက် ထမင်းစား မလို့လားလို့ အောင့်သည်းအောင့်သက်နဲ့ မေးတယ်..။ ဟုတ်တယ်လို့ ဖြေရင်း ထမင်းပန်းကန်တစ်ချပ် ကျွန်တော်လှမ်းယူတယ်..။

အေး.. ထမင်းစားချင်ရင်တော့စား..ဒါပေမယ့်ငါချက်ထားတဲ့ဟင်းတော့ မစားနဲ့ လို့ အကိုက ဆက်ပြောတယ်..။ ရပါတယ်.. ငါ့ဖာသာ ဆီဆမ်းဆားဖြူးစားမယ်လို့ ပြောရင်း ဆီပုလင်း ရှိရာ ကျွန်တော်လက်လှမ်းတယ်..။

ဒါပေမယ့် အကိုက ကျွန်တော့်ထက် ဦးအောင် ဆီပုလင်းကို ယူလိုက်တယ်..။ တဆက်တည်း ဒီဆီက ငါဝယ်ထားတဲ့ဆီကွ မင်းစားခွင့်မရှိဘူးလို့ လုပ်ပြန်တယ်..။ ကျွန်တော်လည်း နည်းနည်းတော့ ကျွဲမြီးတိုသလို ဖြစ်လာတယ်..။

သူချက်တဲ့ဟင်း ပေးမစားတာ ကိစ္စမရှိဘူး..။ ကိုယ့်ဖာသာ ဆီဆမ်းစားလို့ ရသေးတယ်..။ အခု ဆမ်းစားမယ့် ဆီအထိ သူဝယ်ထားတဲ့ဆီဆိုပြီး ပိတ်ပိတ်ပင်ပင်လုပ်နေလေတော့ ဒေါသထွက်လာပြီပေါ့..။ အဲဒါနဲ့ ကျွန်တော်လည်း သူချက်နေတဲ့ ထမင်းအိုးကို လက်ညှိုးထိုးပြီး မင်းချက်နေတဲ့ ထမင်းအိုးထဲက ရေက ငါခပ်ထားတဲ့ရေကွ.. မင်းလည်း ငါခပ်တဲ့ရေနဲ့ ချက်တဲ့ထမင်းကို မစားနဲ့ လို့ ပြန်ပြောလိုက်တယ်..။

ဒါပေမယ့် အကိုကလည်း အလျော့မပေးဘူး..။ '' အမယ် ငါအခုချက်နေတဲ့ရေက မင်းခပ်ထားတာမဟုတ်ဘူး.. လွန်ခဲ့တဲ့ တစ်ပတ်လောက်က ငါခပ်ထားတဲ့ ရေကျန်နဲ့ ချက်တာကွ '' လို့ ဒေါကြီးမောကြီးနဲ့ ပြောတယ်..။

ကျွန်တော်လည်း စိတ်မထိန်းနိုင်တော့ဘူး..။ ထမင်းအိုးအောက်က မီးလောင်နေတဲ့ ထင်းချောင်းတွေကို ဆွဲထုတ်ပြီး '' ဒီထင်းတွေက ငါခုတ်ထားတဲ့ ထင်းတွေကွ '' လို့ ပြောရင်း ဘေးက ပြာပုံထဲ တစွပ်စွပ်နဲ့ ထိုးငြိမ်းပစ်လိုက်တယ်..။

အဲဒီမှာ အကိုက သူ့လက်ထဲက ဆီပုလင်းကြီးနဲ့ ကျွန်တော့်ခေါင်းကို ဆော်ထည့်လိုက်ပါလေရော..။

အခုတော့လည်း ငယ်တုံးကလို မဟုတ်ကြတော့ပါဘူး..။

အကော်ဒီယံအုန်းကျော်ရဲ့ ရောင်ပေစူး သီချင်းထဲက '' သားရယ်သမီးရယ် သောကမီးရယ် လောကကြီးအလယ် ဘ၀တိုက်ပွဲ အနိုင်နွှဲရတယ် '' ဆိုတာမျိုးလို ညီအကိုတတွေ သူ့ဘ၀ကိုယ့်ဘ၀ ကွဲပြားသွားကြပြီမို့ တစ်နှစ်တစ်ကြိမ်တောင် ပြန်မဆုံဖြစ်တော့ဘူး..။

အရေးအကြောင်း ပေါ်မှ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ဖြစ်ကြတဲ့ အထိ ဝေးသွားခဲ့ကြပြီ..။ အမိအဖရဲ့ ရင်ခွင်ထဲမှာ နေကြတုံးကလို လွမ်းမောအောက်မေ့ဖွယ်ရာ ဖြစ်ရပ်တွေကတော့ ဒီဖက်နှစ်တွေမှာ မရှိသလောက်ဆိုပါတော့..။

ဒါပေမယ့် ဘ၀လောကဓံလှိုင်းလုံးတွေ ကို အတူတကွ ရင်ဆိုင်ကျော်လွှားဖြတ်သန်းခဲ့တာ တွေကိုတော့ မေ့ဖို့ မတတ်နိုင်အောင် ဖြစ်ရဆဲပါ..။

ဘယ်လိုပဲဖြစ်ဖြစ်.. ညီအကိုတတွေ တွက်ကတ်ခဲ့တာ.. ရန်ဖြစ်ခဲ့တာတွေကစလို့ အတိတ်ကအရာအားလုံးကို ကျွန်တော် လွမ်းတယ်..။


အတိတ်ကအရာအားလုံး ကိုလွမ်းတယ်လို့ ပြောမိမှ ညီအကိုသုံးယောက်ထဲ အိမ်မှာရှိတဲ့ နောက်ထပ် အမှတ်ရစရာတစ်ခု ခေါင်းထဲပြန်ပေါ်လာတယ်..။ အဲဒီတုံးကလဲ အိမ်မှာ ကျွန်တော်တို့ ညီအကိုသုံးယောက်ပဲ ရှိတယ်..။

ထုံးစံအတိုင်း ချက်ရေးပြုတ်ရေး သုံးယောက်သား တာဝန်ခွဲဝေလုပ်ဆောင်ကြတယ်..။ အကိုက ဟင်းချက်အလှည့်ကျတယ်..။ ဖြစ်ချင်တော့ အိမ်မှာ ဆီကုန်နေရော..။

ဆီဝယ်ဖို့ ပိုက်ဆံကလဲ မရှိတော့ အကိုက အကြံပြုတယ်..။ ခေါင်းလိမ်းတဲ့ အုန်းဆီတော့ရှိတယ်.. အုန်းဆီက ဒီအတိုင်းတောင် တော်တော်မွှေးတာ.. ဟင်းထဲ ထည့်ချက်လဲ ဘာပြဿနာမှ မရှိလောက်ဘူး.. ဘယ်လိုသဘောရလဲ ပေါ့..။

တို့ပဲ ရှိတာ.. ထည့်သာထည့်.. ကောင်းမှာပါ ဆိုပြီး အားလုံးသဘောတူ ချဉ်ရည်ဟင်းထဲ အုန်းဆီထည့်ချက်ကြတယ်..။ အားလုံးချက်ပြုတ်ပြီး ခူးခပ်စားကြဖို့ လုပ်ကြတယ်..။

အကိုက သူ့ရဲ့ ရွှေဥာဏ်တော်နဲ့ ချက်ပြုတ်ထားတဲ့ ချဉ်ရည်ဟင်းတစ်ဇွန်းခပ်ပြီး ထက်ထက်မိုးဦးဟင်းမွှေးမဆလာ ကြေငြာထဲကလို နှာခေါင်းတစ်ချက်ရှုံ့.. နမ်းလိုက်တယ်..။ အားပါး မွှေးသကွာ လို့လဲ ပါးစပ်က ကြွေးကြော်လိုက်သေးတယ်..။

ပြီး.. အားပါးတရ သောက်ချပစ်လိုက်တယ်..။ မျက်နှာကြီးကို ရှုံ့မဲ့သွားတဲ့အထိ အကို ဖြစ်သွားတယ်..။ ငါ့လခွီး .. ချဉ်ရည်တစ်အိုးတော့ ပစ်လိုက်ရပဟေ့ .. လို့ ပြောပြောဆိုဆို ချဉ်ရည်ပန်းကန်ကို ခွေးစာအိုးထဲ သွန်ပစ်လိုက်ပါရော..။

အိုးထဲကျန်တဲ့ ချဉ်ရည်ကို ကျွန်တော်နဲ့ ညီတော်မောင်နှစ်ယောက်လဲ တစ်ယောက်တစ်ဇွန်း ခပ်မြည်းကြတယ်..။ တကယ့်ကို အော်ဂလီဆန်ချင်စရာ အရသာနဲ့ အနံ့အသက်ပဲ..။

အုန်းဆီများ ခေါင်းလိမ်းတော့ မွှေးလိုက်တာ..။ ဟင်းထဲထည့်ချက်တော့မှ ဟင်းအရသာ ဘယ်ရောက်သွားမှန်းမသိအောင်အထိ ဖြစ်သွားရတယ်..။

နောက်တစ်ခါက ညီအကိုတွေချည်း ရှိနေတုံး ဧည့်သည်လာတာပဲ..။

ကိုယ့်ညီအကိုသုံးယောက်ဆို ဘာစားစား ဘာချက်ချက် ဗိုက်ပြည့်ဖို့က အဓိကပဲ..။ ဒါပေမယ့်ဧည့်သည်ကိုတော့ ဖွယ်ဖွယ်ရာရာလေး ချက်ပြုတ်ကျွေးမွေးရမယ့် ၀တ္တရားက ရှိလာတယ်..။

ညီအကိုသုံးယောက် ခေါင်းချင်းရိုက်ပြီး ချေးသင့်တာချေး ငှားသင့်တာငှား အချိန်မီ ချက်ကြပြုတ်ကြရတယ်..။

ဖြစ်ချင်တော့ ဧည့်သည်မှာ သုံးလေးနှစ်အရွယ်ကလေးလေး တစ်ယောက်ပါလာတယ်..။ ကလေးဆိုတော့ လူမှုရေးတွေ ဘာတွေညာတွေ ဘယ်သိမလဲ..။ ကျွန်တော်တို့ ချက်ပြုတ်နေတာကလဲ ချေးငှားဝယ်ခြမ်းချက်ပြုတ်ရတာဆိုတော့ နည်းနည်းလေး အချိန်လင့်သွားတယ်..။ ကလေးက ဆာနေပြီ..။

သူ့အမေကို တပူပူတဆာဆာလုပ်တော့တာပဲ..။ အမေ ဆာပြီ .. အမေ ဆာပြီ ထမင်းဆာပြီး စားချင်လှပြီ.. စသဖြင့် တလစပ်ကို ကလေးလေးက ပြောနေတော့တယ်...။ သူ့အမေကလဲ အားနာတာပေါ့..။ ကျွန်တော်တို့ကလဲ မျက်နှာတွေကို ပူလို့..။

ဒါပေမယ့် ကျွန်တော့်ညီကတော့ အဲဒီကလေးကို အတော်သောက်မြင်ကတ်နေတယ်...။ ပါးစပ်ကလဲ တစ်ခုခုပြောချင်နေဟန်ရှိတယ်..။ ကလေးကို ပေစောင်းစောင်းနဲ့ ကြည့်ပြီး နောက်ဆုံး မအောင့်နိုင်မအီးနိုင် ပြောတော့တယ်..။ ဘရုတ်ကင်းနှစ်ထပ်ကွမ်းအင်္ဂလိပ်နဲ့ ပြောတာပါ..။ ကလေးအမေနားလည်မှာလဲ စိုးတယ်နဲ့ တူတယ်..။ ပြောပုံက..

'' ဘရားသား.. သကစ်ဒ် ကို စီနီမာ ကောပြီး ဟန်းဂရီး အုံး ဟန်းဂရီး အုံး ဆိုပြီး ဘိ (တ် ) ပစ်ရအောင် '' တဲ့..။

ကျွန်တော်တို့မှာ ညီတော်မောင်ပြောတာကို ကြားပြီး ရယ်လိုက်ကြရတာ..။

Sunday, August 17, 2008

19.3 ဆေးရွက်ကြီးနဲ့ ဆေးလိပ်ခုံတွေ

ကဲ.. ညီအကိုအကြောင်းတွေ ခနရပ်ပြီး အရက်အကြောင်း ဆက်ဦးမယ်..။

အစကတော့ ဒေါ်သိန်းညွှန့်အကြွေး ကျေရန်ဆိုပြီး ချက်တာပဲ..။ ဒါပေမယ့် လုပ်ရင်းကိုင်ရင်း အဆင်ပြေလာတော့ ဈေးကွက်လေး တိုးချဲ့ချင်လာတယ်..။ အဲဒါနဲ့ စိမ်ရည်ကိုများများစိမ် များများချက်ပြီး ဆေးလိပ်ခုံတွေ အထိ လိုက်ဖြန့်တော့တယ်..။


ရွာမှာ ဆေးလိပ်ခုံ လေးငါးခုံ ရှိတယ်..။ ဆေးလိပ်ခုံဆိုတာ ဆေးလိပ်ထုတ်တဲ့ စက်ရုံကို ရွာအခေါ် ခေါ်တာပဲ..။ ဆေးလိပ် လိပ်ဖို့ ဆေးစပ်ရင် အရက်နည်းနည်းထည့်စပ်လေ့ရှိတယ်..။ ဆေးစပ်တယ်ဆိုတာ ဆေးရိုးရယ် ဆေးရွက်ကြီးရယ် ကို အရက်နဲ့ သမအောင် ရောမွှေတာပဲ..။

ထည့်တဲ့ ဆေးရိုးပမာဏနဲ့ ဆေးရွက်ကြီး ပမာဏပေါ်မူတည်ပြီး ဆေးလိပ်အပြင်းအပျော့ ကွာသွားတတ်တယ်..။ တချို့ ဆေးလိပ်ခုံတွေက သီးမွှေးငှက်ပျောသီးတောင် ထည့်စပ်တယ်..။ မွှေးအောင်လို့ လို့ ပြောတာပဲ..။

အရက်ကတော့ မပါမဖြစ်ပေါ့..။ တချို့ဆို ဆေးခြောက်တောင် နည်းနည်းထည့်တယ်လို့ သိရတယ်..။ ရွာမှာ ဆေးခြောက်ပင်ကို မြင်ဖူးတဲ့သူ အတော်ရှားတယ်..။ ဆေးခြောက်ပင်က တစ်နှစ်ခံပင်ပဲ..။ အကြီးဆုံးမှ လူ့ခါးလောက်ပဲ ရှိတယ်..။ အပွင့်ကလေးတွေက ခရမ်းရောင်လေးတွေ..။ အရွက်က ချဉ်ပေါင်လက်ခြား နဲ့ ဆင်သယောင်ရှိတယ်..။

မသိရင် မေမြို့ပန်းပင်လိုလို ဘာလိုလိုနဲ့..။ အတော်လှတဲ့ အပင်ပဲ..။ ရွာအနောက်ပိုင်းက အဘိုးကြီး တစ်ယောက်က အဲဒီအပင်ကို သူ့အိမ်ကွက်လပ်ထဲမှာ အလေ့ကျပေါက်တာလိုလိုဘာလိုလို နဲ့ စိုက်ထားတယ်..။ အချိန်တန်မှ ဒိုင်လျိုလေးနဲ့ ဆေးလိပ်ခုံတွေဆီ ရောင်းစားတယ်..။

ကျွန်တော်တို့ညီအကိုနဲ့ အဲဒီအဘိုးကြီး သိပ်ခင်တယ်..။ သူ့သားတွေနဲ့ ကျွန်တော်တို့က ဘော်ဒါတွေ..။ အဘိုးကြီးရဲ့ မိန်းမက ဆုံးသွားတာကြာပြီ..။ ကျွန်တော်တို့အားရင် သူ့အိမ်မှာပဲ အချိန်ကုန်ကြတယ်..။ သူ့အဆက်အသွယ်နဲ့ပဲ ဆေးလိပ်ခုံတွေကို အရက်ပို့ဖြစ်တယ်..။

ဆေးလိပ်ခုံပိုင်ရှင်တွေက ရွာမှာတော့ မျက်နှာဖုံးပဲ..။ ရွာအလျောက် ချမ်းသာကြတယ်..။ ဆေးလိပ်ကလဲ အတော်မြတ်တာကိုး..။ ဆိုရိုးစကားတစ်ခုတောင်ရှိတယ်..။ '' လိပ်သမ သုံးယောက်ရှိရင် မိသားစုဆယ်ယောက် အေးအေးဆေးဆေး ထိုင်စား နိုင်တယ် '' တဲ့..။

လိပ်သမဆိုတာ ဆေးလိပ်လိပ်တဲ့ အမျိုးသမီးကိုပြောတာ..။ ဆေးလိပ်သမ ပေါ့..။ ဟင်္သာတ ထွန်းရင် ရဲ့ သီချင်းထဲမှာတောင် ပါတယ်..။ ''အသုံးအဖြုံးကြီးတဲ့ ဆေးလိပ်သမနဲ့ လွဲရပါစေ လွဲရပါစေ '' ဆိုပြီးတော့လေ..။
ဆေးလိပ်ခုံအကြီးကြီး ဖြစ်စရာမလိုဘူး..။ ဆေးလိပ်လိပ်တဲ့သူ သုံးယောက်ရှိရင်ကိုပဲ မိသားစုဆယ်ယောက်ရဲ့ စားဝတ်နေရေးကို အာမခံနိုင်တယ်လို့ ဆိုလိုတာပဲ..။ အတော်ကျွမ်းကျင်တဲ့ ဆေးလိပ်သမတစ်ယောက်ဟာ တစ်ရက်မှာ ဆေးလိပ်အလိပ်တစ်ထောင် ပျမ်းမျ လိပ်နိုင်တယ်..။ သုံးယောက်ဆိုတော့ သုံးထောင်ပေါ့..။ ဆေးလိပ်သုံးထောင်ရောင်းရတဲ့ အမြတ်ငွေဟာ အတော်မနည်းဘူးလို့ ပြောနိုင်တဲ့ သဘောပဲ..။

ဆေးလိပ်ခုံတွေ အလုပ်ဖြစ်ချက်ကတော့ ရွာမှာ ဆေးလိပ်သမ ဆိုတဲ့ လူတန်းစားတစ်ရပ် သီးသန့်ဖြစ်တည် နေတဲ့အထိပဲ..။ ဆေးလိပ်ခုံတွေကလဲ အပြိုင်အဆိုင်တွေ..။ ဆေးလိပ်သမတွေကလဲ ဟိုခုံနဲ့ ဒီခုံအပြိုင်အဆိုင်ပဲ..။

တစ်ခုံနဲ့တစ်ခုံ ကွယ်ရာမှာ သွားပုပ်လေလွင့်လဲ အတော်ပြောလေ့ရှိကြတယ်..။ အထူးသဖြင့် ဆေးလိပ်တံဆိပ် (သို့) ပိုင်ရှင်ရဲ့ နာမည်ကို တိုက်တိုက်ခိုက်ခိုက် ပြောကြတယ်..။ ဥပမာ ရွှေဇီးကွက် ဆိုတဲ့ ဆေးလိပ်ခုံက သူတို့ဆေးလိပ်ကို အခုလို ကြော်ငြာတယ်..။

'' အသီးသရက် အသားဝက် ဆေးလိပ်မှာရွှေဇီးကွက် '' တဲ့..။

အဲဒါကို တခြားခုံက ကွယ်ရာမှာ အခုလို ပြောကြတယ်..။ '' သောက်ရင်းမီးငြိမ်း ဒေါ်အုန်းသိန်း '' တဲ့..။ ရွှေဇီးကွက် ဆေးလိပ်ခုံပိုင်ရှင်နာမည်က ဒေါ်အုန်းသိန်း..။

ရွှေဇီးကွက်ခုံကလဲ ဘယ်ခံမလဲ..။ သူတို့ကိုပြောတဲ့ ဆေးလိပ်ခုံကို ပြန်တွယ်တယ်..။ ''ခါးစပ်လက်ပူ ကိုအောင်သူ '' ဆိုပြီးတော့..။ အဲဒီလိုနဲ့ ရွာကဆေးလိပ်ခုံတွေနဲ့ ပတ်သက်တဲ့ '' သောက်ရင်း မီးသေ နန်းမြင့်ဆွေ '' '' ပါးရိုးတွေချောင် ကိုအုန်းမောင် ( ဖွာရလွန်းလို့ ) '' ဆိုရိုးတွေ ပေါ်လာခဲ့တယ်..။

ဆေးလိပ်ဆိုလို့ စီးကရက်လို့ မထင်ကြနဲ့အုံး..။ သနပ်ဖက်နဲ့လိပ်တဲ့ ဆေးလိပ်ပါ..။ ဆေးပေါ့လိပ်လို့လဲ အလွယ်ခေါ်ကြတယ်..။ အဲဒီလိုဆေးပေါ့လိပ်အပြင် ပြောင်းဖူးဖက်နဲ့လိပ်တဲ့ ဆေးလိပ်လဲ ရှိသေးတယ်..။ အဲဒါကိုတော့ ပြောင်းဖူးဖက်လိပ်လို့ ခေါ်တယ်..။ များသောအားဖြင့် အဘိုးကြီးအဘွားကြီးတွေ သောက်ကြတယ်..။

အိမ်ကပြင်ထွက် ဆောင့်ကြောင့်ထိုင်ပြီး ပါးရိုးကြီးတွေ ချိုင့်သွားတဲ့အထိ ဖွာလိုက်ရှုလိုက်လုပ်နေတဲ့ အဘိုးကြီးအဘွားကြီးတွေကို ရွာမှာကတော့ မမြင်ချင်အဆုံးပဲ..။ အစီခံကတော့ အိမ်မှာပဲ သတင်းစာစက္ကူ သို့မဟုတ် ပလာစာအုပ်အစုတ်နဲ့ ပြောင်းဖူးဖက်ကို လိပ်ပြီးလုပ်လိုက်ကြတာပဲ..။

မိုင်းဆဲဗင်းတို့ ဘာတို့ ကြော်ငြာသလို ဒက်ဗယ်ဖစ်လတာ ဆိုတာမျိုးကတော့ ဝေးလို့..။ တချို့အစီခံဆိုရင် အထဲက ဆေးရိုး အချောင်းလိုက် လည်ပင်းထဲ တိုက်ရိုက်ဝင်လာတတ်တယ်..။ ဆေးရိုးဆိုတာ ဆေးရွက်ကြီးပင်ရဲ့ ပင်စည်(သို့)ရိုးတံကို ခေါ်တာ..။

ရွာဖက်မှာ ဆေးရွက်ကြီး အကြီးအကျယ်စိုက်ကြတယ်..။ ဆေးရွက်ကြီးခင်းတွေ အရွက်မခူးခင်ကတည်းက ပွဲစားတွေက အခင်းအခြေအနေကြည့်ပြီး ဆေးရိုးကို ဈေးဖြတ်ဝယ်ကြတယ်..။ ကြိုပွိုင့်ဆန်ဆန်ပေါ့..။ ဒီအခင်းက အပင်တစ်သိန်းလောက်ရှိတယ်..။ တစ်ပင်ကို ဘယ်လောက်နှုန်း ဆိုတာမျိုး ဈေးပေးဝယ်တာပဲ..။

အခင်းရှင်က အရွက်ခူးပြီး ဆေးရွက်ကြီးအနေနဲ့ ရောင်းတယ်..။ ဆေးရိုးဝယ်တဲ့သူက အရွက်ချထားတဲ့ အရိုးတွေကို တစ်ပင်ချင်း လိုက်တူးယူတယ်..။ အဲဒီဆေးရိုးပင်တွေကို စက်နဲ့ ကြိတ်လိုက်ရင် ဆေးလိပ်ထဲ ထည့်တဲ့ ဆေးရိုးရတယ်..။

နီနီဝင်းရွှေ ပြန်ဆိုထားတဲ့ '' ဆီကိုရေချိုး ဆေးရိုးမီးလှုံ စပါးတောင်လိုပုံ '' သီချင်းထဲကအတိုင်းပါပဲ..။ ဆေးရိုး သိပ်ဈေးကြီးတယ်..။ အဲဒီလိုမျိုး ဈေးကြီးတဲ့ ဆေးရိုးကိုတောင် မီးလှုံပစ်တယ်လို့ တင်စားထားတာပဲ.။

(ဂျေအယ်ကတော့ '' ဘီယာရေချိုး ကြက်ရိုးမီးလှုံ အန်ဖတ်တောင်လိုပုံ '' အောင် သောက်တယ်လို့ ပြောဖူးတယ် )

ဒါပေမယ့် ဈေးကွက်တို့ရဲ့ ထုံးစံအတိုင်း ဆေးရိုးက ဈေးကြီးလွန်းတော့ အစားထိုး ဆေးရိုးအတုတွေ သုံးလာကြတယ်..။ ကြက်ဆူရိုး အုံနှဲရိုး တွေကို ဆေးရိုးလုပ်ပြီး ဆေးလိပ်ထဲ ထည့်လိပ်ကြတယ်..။ ရွာဖက်မှာတော့ အုံနှဲပင်တွေ မျိုးတုံးလုနီးပါးပဲ..။ ( အုံနှဲပင်နဲ့ ပတ်သက်လို့ စကားပုံတောင် ရှိသေးတယ် '' အုံနှဲပုတ် စုံတွဲခုတ် '' တဲ့)

ကြက်ဆူရိုးဆိုတာကတော့ လူတိုင်းရင်းနှီးမယ်ထင်ပါတယ်..။ အနှစ်မရှိတဲ့တော ကြက်ဆူပင် မင်းမူတယ်လို့ သာပြောကြတာ.. အဲဒီအနှစ်မရှိတဲ့ အပင်ရဲ့ ရိုးတံက အသုံးတည့်သွားတော့ ဆေးရိုးနီးပါး ဈေးကောင်းရ သွားရော..။

အဲဒီလိုမျိုး ဆေးရိုးအတုတွေကြောင့် ဆေးပေါ့လိပ်သောက်သုံးသူတွေ ရောဂါပိုရ မရ ကတော့ ဘယ်သူမှ အရေးအရာလုပ် တွေးမနေကြပါဘူး..။ ဘယ်သူမှလည်း အားအားယားယား သုတေသန လုပ်မနေကြပါဘူး။ အတုအစစ် အရသာ ကွာမကွာလဲ အထူးတလည် ပြောသံ မကြားမိပါဘူး..။ ( စာပတီးတော့ သိမလားပဲ.. သူက ဆေးပေါ့လိပ်သိပ်ကြိုက်တယ် )

ပြောခဲ့သလို ကျွန်တော်တို့ရွာနယ်တကျောက ဆေးရွက်ကြီး အကြီးအကျယ် စိုက်ပျိုးကြတယ်..။ ရွာနဲ့မလှမ်းမကမ်း ( နှစ်မိုင်ခွဲသုံးမိုင်လောက် အကွာ ) မှာ မြေနုကျွန်းကြီး တစ်ကျွန်းရှိတယ်..။ စိုက်ဧက ထောင်သောင်းချီရှိတဲ့ ကွင်းပြင်ကျယ်ကြီးပဲ..။ နှစ်တိုင်းမြစ်ရေတိုးတဲ့အချိန်ဆိုရင် အဲဒီကျွန်းကြီးတစ်ကျွန်းလုံး ရေလွှမ်းသွားလေ့ရှိတယ်..။ ရေပြန်ကျသွားတဲ့အချိန်တွေမှာတော့ .. ရွာဖက်က တောင်သူများအတွက် ပဒေသာပင်ကျွန်းကြီးပေါ့..။ အဲဒီကျွန်းမှာ ဆေးရွက်ကြီးစိုက်ခင်းတွေဆိုတာ တမျော်တခေါ် မျက်စိတဆုံးပဲ..။

အဲဒီကျွန်းကို ဘယ်သူမှ မပိုင်ဘူး..။ နှစ်စဉ်ရေကျတဲ့အချိန်မှာ မြေယာဝေခြမ်းရေးပြန်လုပ်ကြရတယ်..။ ရွာပေါင်းနှစ်ဆယ်လောက် အဲဒီကျွန်းမှာ ဝေစုရကြတယ်..။ ဝေစုရတဲ့တောင်သူတွေအနေနဲ့ သူတို့ရတဲ့ လယ်မြေထဲမှာ တဲလေးတွေဆောက်နေကြပြီး ထွန်ယက်စိုက်ပျိုးကြတယ်..။ ၀ါဆိုဝါခေါင် ရေတွေမဖောင်ခင် အထိပေါ့..။

နှစ်တိုင်းတစ်နှစ်တစ်ခါ ရေလွှမ်းတဲ့ဧရိယာဆိုတော့ မြေဆီမြေနှစ်သိပ်ကောင်းတယ်..။ စိုက်သမျပျိုးသမျ သီးနှံတအားဖြစ်ထွန်းတယ်..။ ဆေးရွက်ကြီးတွေလဲ သိပ်ကောင်းတာပေါ့..။ ဒါပေမယ့် အဲဒီကျွန်းပေါ်က ထွက်တဲ့ဆေးရွက်ကြီးက ကုန်းခေါင်ခေါင်မှာပေါက်တဲ့ ဆေးရွက်ကြီးလောက်တော့ ဈေးမရဘူး..။

ဆေးရွက်ကြီး နှစ်မျိုးရှိတယ်..။ ကုန်းဆေး နဲ့ ကျွန်းဆေးဆိုပြီးတော့..။ ကျွန်းဆေးဆိုတာ ရွာဖက်မှာ အဲဒီလိုမျိုးရေလွှမ်းဧရိယာမှာစိုက်တဲ့ဆေးကိုခေါ်တာ..။ ကုန်းခေါင်ခေါင် မြစ်ရေမရောက်တဲ့ အရပ်မှာစိုက်တဲ့ ဆေးကိုတော့ ကုန်းဆေးလို့ခေါ်တယ်..။ ကျွန်းဆေးကပေါ့ပြီး ကုန်းဆေးက လေးတယ်လို့ ပြောကြတယ်..။ ဆေးလိပ်ကောင်းကောင်း သောက်တတ်သူများကတော့ ဆေးလိပ်ရဲ့ အလေးအပေါ့ကို သိကြတယ်..။

19.4 ကျွန်းပေါ်ဈေးသည်ဘဝ

အဲဒီကျွန်းပေါ်ကို အမေ ဈေးသွားရောင်းလေ့ရှိတယ်..။ ရွာမှာ အဲဒီလိုမျိုး ဈေးရောင်းတဲ့ဈေးသည်ကို ကျွန်းပေါ်ဈေးသည်လို့ ခေါ်ကြတယ်..။ မှတ်မှတ်ရရ သုံးနှစ်လောက် အမေကျွန်းပေါ်မှာ ဈေးရောင်းရတယ်..။ ခေါင်းရွက်ဗျက်ထိုးဈေးသည်ပေါ့..။

ခံတောင်း တစ်လုံးကို ခေါင်းဖုနဲ့ရွက်.. အဲဒီခံတောင်းထဲမှာ အလေးချိန်ခွင် ရောင်းစရာပစ္စည်း ပစ္စယလေးတွေ ထည့်ပြီးဈေးလည်ရောင်းသူကို ခေါင်းရွက်ဗျက်ထိုးဈေးသည်လို့ ရွာဖက်မှာ သမုတ်လေ့ရှိတယ်..။ အမေနဲ့အတူ ကျွန်တော်တို့ညီအကိုတတွေလဲ အားရင်အားသလို လိုက်ကြရတယ်..။

အထူးသဖြင့်တော့ ဆီဆား ငရုတ် ကြက်သွန်ရောင်းတာပါပဲ..။ ကျွန်းပေါ်သွား ဈေးရောင်းတဲ့ရက်ဆိုရင် မနက်စောစောထရတယ်..။ ကျွန်းပေါ်မှာ သစ်ကြီးဝါးကြီးမရှိတော့ နေမြင့်ရင် အတော်ပူတယ်..။ မနက်စောစောထ သမ်ဗန်နဲ့မြစ်ကိုကူး..။ မြစ်တစ်ဖက်ကမ်းကနေ ကျွန်းပေါ်ကို ခံတောင်း တလှည့်စီရွက်ရင်း မိသားစုတတွေ ချီတက်ကြရတယ်..။


မြစ်ဆိပ်ကနေ အနီးဆုံးတဲစုရောက်အောင်ကိုပဲ နှစ်မိုင်လောက် လွင်တီးခေါင်ကြီး ဖြတ်လျောက်ကြရတယ်..။ ပင်ပမ်းပေမယ့် စားလောက်သောက်လောက်အောင်တော့ မြတ်တယ်..။ အမေပြောနေကျ စကားအတိုင်းပြောရရင်တော့ '' မှုတ်လန်ဂျိုလန် အိမ်အတွက်ကျန်'' တယ်ပေါ့ဗျာ..။

မှုတ်လန်ဂျိုလန်ဆိုတာ ဆီချင်တဲ့မှုတ် (ငါးကျပ်သားတစ်ဆယ်သားအစိတ်သား စတဲ့ အလေးချိန်ကို ချိန်ခွင်နဲ့ချိန်မရောင်းဘဲ တစ်ဆယ်သားမှုတ် ငါးကျပ်သားမှုတ် လို့ခေါ်တဲ့ သံခွက်လေးတွေနဲ့ရောင်းတယ်) ထဲမှာ ၀ယ်သူမရလိုက်ဘဲ ခွက်ထဲကပ်ကျန်တဲ့ ဆီကို ခေါ်တာ..။ ဆီ ဆိုတာမျိုးက ရေလို မှောက်သွန်ချလိုက်တာနဲ့ တလဟော လျောကျ သွားတဲ့အမျိုးမဟုတ်ဘူး..။ ဘယ်လောက်မှောက်ချချ ခွက်ထဲမှာ ကပ်သပ်ကျန်နေ တတ်တယ်..။

ဝယ်သူများ လက်လီစိပ်လေ ကိုယ့်အတွက်ကျန်လေပဲ..။ အဲဒီတုံးကတော့ တစ်တဲဝင် တစ်တဲထွက်နဲ့ အတော့်ကို ပင်ပန်းတယ်..။ နောက်ပြီး ငွေသားရလေ့မရှိဘူး..။ ကုန်ပစ္စည်းဖလှယ်တာ များတယ်..။ ဘာတာစံနစ်ပေါ့..။

ကိုယ်ရောင်းလိုက်တဲ့ပစ္စည်းကို တန်ဘိုးသင့်ပြီး သူတို့လယ်မြေထဲက သီးနှံတွေ ပြန်ပေးလေ့ရှိတယ်..။ ကြက်ဟင်းခါးသီး၊ ပြောင်းဖူး၊ ပဲမျိုးစုံ၊ စုံလို့ပါပဲ..။ ကျွန်းပေါ်သွားဈေးရောင်းတဲ့ ရက်တွေဆို အသွားထက် အပြန်မှာ ခါးပိုချိတယ်..။ ဘာတာစံနစ်နဲ့ ရောင်းချရလာတဲ့ သီးနှံမျိုးစုံကို အိမ်အရောက်ထမ်းပြန်ရတာကိုး..။

မှတ်မှတ်ရရ ကြက်ဟင်းခါးသီး တစ်ဆယ့်ငါးပိဿာလောက်ကို ဆောင်းနဲ့ ရွက်ပြီး ပြန်ရဖူးတယ်..။ ဆောင်းဆိုတာ ၀ါးခြမ်းနဲ့ယက်ထားတဲ့ အုပ်ဆောင်းလိုမျိုးဟာကို ခေါ်တာ..။ ရွာဖက်မှာတော့ ကြက်တွေဘာတွေ အုပ်လေ့ရှိတယ်..။ ထမင်းစားပွဲအုပ်တဲ့ အုပ်ဆောင်းလိုဟာမျိုးပါပဲ..။ ဒါပေမယ့်သူက ပိုကြီးပိုမြင့်တယ်..။ တောင်းတွေဘာတွေလို ထမ်းမကောင်းပိုးမကောင်း ကိုးလို့ကန့်လန့်ဒီဇိုင်းပဲ..။

အဲဒီလိုမျိုးကျွန်းပေါ်က ရလာတဲ့ အသီးအနှံတွေကို နောက်ရက်မှာ မြင်းခြံ (မြို့) တက်ဖောက်သည်သွင်းရတယ်..။ ရွာဈေးမှာရောင်းရင်လဲ ရတော့ရတယ်..။ ဒါပေမယ့် ဈေးသိပ်မရဘူး..။ မြို့တက်ရောင်းရင်တော့ ဈေးရတယ်..။ ဒါပေမယ့် ကရိကထတော့ များတယ်..။ အသီးအနှံတွေဆိုတော့ နောက်နေ့မြို့ရောက်တဲ့အထိ လန်းဆန်းလတ်ဆတ်နေဖို့ ရေဖျန်းရတာနဲ့ သေချာခင်းကျင်းသိမ်းဆည်းရတာနဲ့ အတော်အလုပ်ရှုပ်တယ်..။

ကျွန်းပေါ်ကလဲထုံးစံအတိုင်းညနေ နေအေးမှပြန်ကြရတာဆိုတော့ မိုးချုပ်မှအိမ်ရောက်တယ်..။ အိမ်ရောက်တာနဲ့ မနားနိုင်သေးဘူး..။ ပြောခဲ့သလို နောက်တနေ့မြို့တက်ဈေးရောင်းဖို့ ပြင်ဆင်ပြီးမှ ထမင်းစား ၊ စက်တော်ခေါ်ရတယ်..။

ဒါပေမယ့် နောက်တနေ့မနက်အစောကြီး ထရပြန်တယ်..။ ရွာကကားတွေက မနက်အစောဝေလီဝေလင်း လေးနာရီလောက်ဆိုရင် ထွက်ပြီကိုး..။ မြို့ဈေးကလဲ မနက်စောမှီမှ ဈေးကောင်းရတာ..။ နည်းနည်းနေမြင့်သွားတာနဲ့ ကိုယ်ပစ္စည်းကို နှစ်ပြား မတန်အောင် ဈေးနှိမ်တော့တာပဲ..။

ရွာကလေးနာရီလောက်ထွက်တဲ့ကားက မြို့ပေါ်ကို ခုနှစ်နာရီရှစ်နာရီလောက်မှ ရောက်တယ်..။ ကျွန်တော်တို့ရွာနဲ့ မြင်းခြံက နှစ်ဆယ့်ရှစ်မိုင်ပဲဝေးတယ်..။ ဒါပေမယ့် လမ်းမကောင်းတော့ သုံးလေးနာရီလောက် မောင်းရတယ်..။ မြို့ပေါ်ရောက်တာနဲ့ ပါလာတဲ့တောင်းကို ထမ်းပြီး ကုန်စိမ်းတန်းဖက်ပြေးရတယ်..။

ကားဂိတ်နဲ့ မြင်းခြံမြို့မဈေးနဲ့ကသိပ်မဝေးဘူး..။ ဆိုက်ကား ငှားသွားရင်တော့ လူသက်သာတာပေါ့..။ ဒါပေမယ့် ကျွန်တော်ကတော့ကိုယ်တိုင်ထမ်းတယ်..။ ဒါမှ အပြန်မှာ ဆိုက်ကားခ စာရင်းတင်ပြီး အမေ့ဆီက ဘတ်လို့ရတာကိုး..။ ထမင်းဖိုးလဘက်ရည်ဖိုးကိုလဲ ဟိုနားနည်းနည်း ဒီနားနည်းနည်းလေး ပိုပြလိုက်တယ်..။

Saturday, August 16, 2008

19.5 လူပါးပုလင်းထိ

အဲဒီလိုမျိုးမိဘလိမ်မိလို့ နဲ့တူပါရဲ့..။ တစ်ခေါက်မြင်းခြံမှာ ကျွန်တော်လူလိမ်ခံလိုက်ရတယ်..။ အဲဒီအခေါက်ကတော့ ကုန်ကျစားရိတ်ပိုပြဖို့နေနေသာသာ ကိုယ့်နေ့တွက်ထဲကတောင် ပါသွားလို့ ထမင်းငတ်ပါလေရော..။

ဖြစ်ပုံက ဒီလို..။

ကုန်စိမ်းတန်းမှာ ပါလာတဲ့ ကြက်ဟင်းခါးသီးနဲ့ ပြောင်းဖူးတွေ ဖောက်သည်ပေးပြီး အမေမှာလိုက်တဲ့ ငပိကောင်ငါးခြောက်ဝယ်ဖို့ ကုန်ခြောက်တန်းဖက် ကျွန်တော်ထွက်လာခဲ့တယ်..။ ပုခုံးပေါ်မှာက ထန်းခေါက်တောင်း ခါလီကို ချိတ်ရင်းပေါ့..။ ဈေးထဲဆိုတော့ဟိုလူ့ရှောင်ရဒီလူ့ရှောင်ရ နဲ့ ကျီးလန့်စာစား လျောက်ရတယ်..။

ပုဆိုးကတိုတို၊ ထန်းခေါက်တောင်းအလွတ် လွယ်ထားရင်း၊ ပိုက်ဆံထည့်ထားတဲ့လွယ်အိတ်စလွယ်သိုင်းထားတဲ့ ကျွန်တော့်ကို ဦးလေးကြီးတစ်ယောက်က ငါ့တူငါ့တူနဲ့ လှမ်းခေါ်တယ်..။ ရုပ်မြင်တာနဲ့ တောသားငအ အချဉ်မှန်းသိတယ်နဲ့တူပါရဲ့..။ ပထမတော့ ကျွန်တော့်ကို ခေါ်နေမှန်းမသိဘူး..။ ဟေ့ ထန်းခေါက်တောင်းနဲ့ငါ့တူ လို့ လှမ်းအော်မှ ကိုယ့်ခေါ်နေမှန်းသိတော့တယ်..။

ကျွန်တော်လှည့်ကြည့်လိုက်တော့ တိုက်ပုံအင်္ကျီနဲ့ သားသားနားနားဦးလေးကြီးတစ်ယောက်က ကျွန်တော့်ကို ပြုံးပြရင်း လက်ယပ်လှမ်းခေါ်နေတာ တွေ့လိုက်ရတယ်..။ ကျွန်တော်အူကြောင်ကြောင် ဇဝေဇ၀ါနဲ့ ရပ်နေတုံး သူကအနားရောက်လာတယ်..။

ငါ့တူက နယ်ကဈေးလာဝယ်တာလားလို့ သူကကျွန်တော့်အနားရောက်တာနဲ့ ပြုံးပြီးမေးတယ်..။ ဟုတ်တယ်ဗျ လို့ ကျွန်တော်ပြန်ဖြေတော့ ဘယ်ရွာကလဲလို့ သူကဆက်မေးတယ်..။ ဆမိတ်ခုံက လို့ ကျွန်တော်က ပြော တော့ '' ဟ အတော်ပဲ လာလာ ဒီဖက်လာ.. လမ်းမကြီးပေါ်မှာ သူများတွေအနှောင့်အယှက်ဖြစ်တယ်လို့'' ပြောရင်း ကျွန်တော့်လက်မောင်းကိုဆွဲပြီး ဈေးအပြင်ဖက်တန်း သူကခေါ်သွားတယ်..။

ကျွန်တော်လဲ ဘုမသိဘမသိ ယောင်ကမ်းကမ်းနဲ့ ပါသွားခဲ့တယ်..။ အပြင်ရောက်တာနဲ့ လာထိုင်ကွာလို့ သူကပြောတာနဲ့ လမ်းဘေးမှာပဲ နှစ်ယောက်သားမျက်နှာချင်းဆိုင် ဆောင့်ကြောင့်ထိုင်လိုက်ကြတယ်..။ ထိုင်ပြီးပြီးချင်း ပိုက်ဆံအစိတ်လောက်ပါတယ်မဟုတ်လား.. ဦးကိုခနပေး ပြီးရင်ပြန်ပေးမယ်လို့ တောင်းတယ်။

ကျွန်တော်လဲ ပေးသင့်မပေးသင့်ဇဝေဇ၀ါဖြစ်နေတဲ့ကြားက ပြန်ရမှာပဲလေဆိုတဲ့အတွေးနဲ့ ပိုက်ဆံအစိတ်ထုတ် ပေးလိုက်မိတယ်..။ ကျွန်တော်ပေးလိုက်တဲ့ အစိတ်ထဲက တစ်ဆယ်တန်တစ်ရွက်ကို ရော့ဒါပြန်ယူထားဆိုပြီး ချက်ခြင်းပြန်ပေးတယ်..။

ပြီးမှ..''ဦးက မင်းကွန်းဆရာတော်ဘုရားကြီးပူဇော်ပွဲ အတွက် အလှူငွေလိုက်ကောက်နေတာ .. အဲဒါ ငါ့ညီအနေနဲ့ ဒီဆယ့်ငါးကျပ်လှူလိုက်ရင် လာမယ့်သောကြာနေ့မှာ ရေဒီယိုက အလှူရှင်စာရင်းထုတ်ပြန်တဲ့ အခါ ငါ့ညီနာမည်ပါလာလိမ့်မယ် '' လို့ လုပ်ကရော..။

ကျွန်တော့်စိတ်ထဲမှာ တစ်ခုခုတော့လွဲနေပြီ ဆိုတာ သိနေပေမယ့် ပြတ်ပြတ်သားသားကြီး '' မလှူဘူးဗျာ ကျုပ်ပိုက်ဆံချက်ခြင်းပြန်ပေး '' .. လို့တောင်းဖို့ကျတော့လဲ မ၀ံ့ဘူးဖြစ်နေတယ်..။ အဲဒီဦးလေးကြီးရဲ့ ဥပဓိရုပ်ကလဲ မွန်မွန်ရည်ရည်မို့ အားနာနေမိတယ်..။ ( ဂျေအယ်တို့ စာပတီးတို့လို ဥပဓိနဲ့ဆိုရင်တော့.. ရှင်းတာပေါ့ .. )

ဒါပေမယ့် မနည်းမာန်တင်းပြီး လေသံပျော့နဲ့ '' ကျွန်တော် အဲဒီလောက်ကြီးမတတ်နိုင်ဘူး ဦးရယ် လှူတော့လှူချင်ပါတယ်.. ငါးကျပ်ပဲ လှူပါရစေ.. ကျွန်တော့်ကို တစ်ဆယ် ပြန်ပေးပါနော် '' လို့ ပြောလိုက်ရတယ်..။

'' ကဲကဲ.. ငါ့တူမတတ်နိုင်တာလဲ ဦးကိုယ်ချင်းစာပါတယ်.. ရော့ ငါးကျပ်ပြန်ယူ တစ်ဆယ်တော့လှူလိုက် ကွာ '' လို့ ပြောရင်း ကျေးဇူးရှင်ကြီးက ကျွန်တော့်ကို လမ်းဘေးမှာ ထားပြီး ထွက်သွားတော့တယ်..။ သူ့နောက်ကျောကို စိတ်နှလုံးနောက်ကျိရှုပ်ထွေးစွာနဲ့ ကျွန်တော်ငေးကြည့်နေတုံး ကျေးဇူးရှင်ကြီးက သမင်လည်ပြန်အကြည့်နဲ့ '' ငါ့တူ သောကြာနေ့ညနေ ရေဒီယို နားထောင်ဖို့ မမေ့နဲ့အုံး '' လို့ နားလည်ရခက်တဲ့အပြုံးနဲ့ ကျွန်တော့်ကို သတိပေးသွားသေးတယ်..။

လဘက်ရည်တစ်ခွက် တစ်ကျပ်..။ ထမင်းအ၀စားငါးကျပ် ခေတ်ဆိုတော့ လူလိမ်ခံလိုက်ရကြောင်း အိမ်ပြန်ပြောဖို့ရှက်တဲ့ ကျွန်တော် အဲဒီနေ့ကိုဗိုက်ဟောင်းလောင်း နဲ့ ဖြတ်သန်းခဲ့ရပါကြောင်း..။

Friday, August 15, 2008

19.6 အ၀စားနဲ့ မီးခိုးတိတ်အလှူ

ထမင်းအ၀စား ဆိုလို့ ကျွန်တော်တို့ညီအကိုနှစ်ယောက် ထမင်းအ၀စားဆိုင်မှာ စားတဲ့ အကြောင်း လေး ပြောရဦးမယ်..။ ရွာမှာက ထမင်းဆိုင်ရယ်လို့ မရှိတော့ ထမင်းဝယ်စားတဲ့ အလေ့အထက မြင်းခြံရောက်မှ စကြုံဖူးတာ..။

နောက်ပြီး ထမင်းအ၀စားဆိုတာ ထမင်းချည်းပဲ အ၀စားရတာလို့ ကျွန်တော်က ထင်နေခဲ့တာ..။ အဲဒါနဲ့ ထည့်ပေးသမျဟင်းကို အကုန်မစားရဲဘူး..။ ဟင်းကစားရင် စားသလောက်ပိုပေး ရမယ်ထင်နေခဲ့တယ်..။ အဲဒီလောက် အတယ်..။

တစ်ရက် ကျွန်တော်တို့ညီအကိုနှစ်ယောက်နဲ့ ရွာသားအကိုကြီးတစ်ယောက် အ၀စားဆိုင်မှာ အတူစားဖြစ်ကြတယ်..။ ထုံးစံအတိုင်း ကျွန်တော်က ဟင်းကုန်အောင်မစားဘဲ ထမင်းဝတာနဲ့ တော်ပြီဆိုပြီး လက်ထဆေးတယ်..။ ကျွန်တော့်ညီကတော့ ဆက်စားနေတယ်..။ အတူစားတဲ့ အကိုကြီးကလဲ ကျွန်တော်နဲ့ အတူ လက်ဆေးတယ်..။

လက်ဆေးနေရင်း ကျွန်တော့်ကို ဟင်းတွေကုန်အောင်ဘာလို့ မစားတာလဲ လို့ သူကမေးတယ်..။ ထမင်းပဲ ၀အောင်စားရမယ်ထင်လို့ လို့ ကျွန်တော်ပြန်ဖြေတော့ ခွက်ထိုးခွက်လန်သူရယ်တယ်..။ တဆက်တည်း.. အ လိုက်တာကွာ.. ဟင်းက ထမင်းဖိုးထဲ ထည့်တွက်ပြီးသားကွ.. အကုန်စားလို့ ရတယ် လို့ ပြောတယ်..။

အဲဒီတော့မှ ကျွန်တော်လဲ ဟင်းပါ အကုန်စားလို့ ရတယ်ဆိုတာ သိတော့တယ်..။ နောက်ပြီး ကိုယ်မစားခဲ့တဲ့ ဟင်းတွေကိုပါ နှမျောနေမိတယ်..။ အဲဒါနဲ့ စားလက်စ ညီတော်မောင်ကို ကျွန်တော့်ဟင်းခွက် ထဲက ဟင်းတွေပါ စားပစ်လိုက်.. လို့ လက်ဆေးတဲ့နေရာကနေ လှမ်းလုပ်ပြတော့တယ်..။

ဝယ် အ တယ်ဆိုတာ အဲဒါမျိုးနဲ့ တူပါရဲ့..။

ထမင်းစားတာနဲ့ ဆက်စပ်ပြီး ရွာအလှူမှာ ထမင်းကျွေးတဲ့ အကြောင်းလေး ဖောက်သည်ချဦးမယ်..။

ရွာဖက်က အလှူ ( ရဟန်းခံရှင်ပြု နားသ ) တွေမှာ ထမင်းပဲ ကျွေးကြတယ်..။ မေဆွိသီချင်းထဲကလို '' ၀က်သားတုံးကြီး လက်သီးဆုပ်သဏ္ဍာန် '' ဆိုသလိုမျိုး ၀က်သားဆီပြန် ကတော့ မပါမဖြစ် ပါလေ့ရှိတယ်..။ ငပိကြော်၊ သရက်ချဉ်သုတ်၊ မှန်ရောင်ဟင်းချို စတာတွေကတော့ အရံဟင်းတွေ ပေါ့..။

ရွာဖက်က လူတွေကလဲ အစားအသောက်ဆင်းရဲ ရှာကြတော့ အလှူအတန်း အသံကိုပဲ နားစွင့်နေကြတယ်..။ ရွာအလှူတွေမှာ ထမင်းစားလက်မှတ်ဝေတဲ့ အလှူနဲ့ ကြိုက်တဲ့သူလာစား ဆိုပြီး မီးခိုးတိတ်ကျွေးတဲ့ အလှူရယ်လို့ နှစ်မျိုးနှစ်စားရှိတယ်..။

အလှူလေးလဲ လုပ်ချင်တယ်..။ ကျွေးမွေးဧည့်ခံဖို့ ဘတ်ဂျက်ကလဲ.. သိပ်မပြည့်စုံဘူး ဆိုရင်.. အလှူ့ရှင်က.. အလှူဖိတ်စာနဲ့အတူ ထမင်းစားလက်မှတ်ပါ တခါတည်း ထည့်ဖိတ်လေ့ရှိတယ်..။ လူရွေးဖိတ်တဲ့သဘောပေါ့..။

ပွဲနေ့ရောက်တာနဲ့.. ထမင်းစားလက်မှတ်လေး ယူဆောင်ပြီး အလှူအိမ်ကို ကြွကြရတယ်..။ အလှူအိမ်မှာ ထမင်းရုံဆိုပြီး.. ထမင်းကျွေးတဲ့ နေရာ သုံးလေးနေရာ ခွဲထားလေ့ရှိတယ်..။ ကိုယ့်လက်မှတ်ကို ထမင်းရုံစောင့်တဲ့လူဆီ ပြလိုက်ရင်.. အဲဒီလူက.. နံပါတ်မှတ်ပေးတယ်..။

ထမင်းရုံထဲမှာ.. ထမင်းဝိုင်းအလွတ် ပြင်ပြီးသားရှိနေရင်တော့ နံပါတ် ( တိုကင် သဘောမျိုး ) မပေးတော့ဘဲ တခါတည်း ၀င်စားလို့ရတယ်..။ လူတအားကျနေလို့ ထမင်းရုံပြည့်နေရင် တိုကင်သဘောမျိုး နံပါတ်နဲ့ ကိုယ့်အလှည့်ကျဖို့ စောင့်နေကြရတယ်..။

လွတ်သွားတဲ့ ထမင်းဝိုင်းတွေကို ကြည့်ပြီး ထမင်းရုံစောင့်က နံပါတ်ဘယ်လောက်က ဘယ်လောက်အထိ ဘယ်ထမင်းရုံမှာ စားနိုင်ပါပြီ လို့ အော်သံကြားရင် ကိုယ့်နံပါတ်ပါရင် ၀င်စားကြတာပါပဲ..။ အတော့်ကို ရုတ်ရုတ်သဲသဲ အုတ်အော်သောင်းနင်း စည်စည်ကားကား ရွာအလှူတွေပေါ့..။

ချွေးတလုံးလုံး သဲတရှပ်ရှပ်နဲ့ လူတွေ ရုန်းရုန်းရုန်းရုန်း အသံချဲ့စက်သံ ဆူဆူညံညံ နဲ့ အတော်ပျော်ဖို့လဲ ကောင်းပါတယ်..။ ကျွေးနေရင်း တန်းလန်း ဟင်းပြတ်သွားလို့ အလှူ့တကာ တကာမခမျာ အရေးပေါ် ရွာထဲက နွားမတစ်ကောင် ထိပ်ထု လိုက်ရရှာတယ် ဆိုတဲ့ သတင်းမျိုးတွေလဲ မကြားချင်မှ အဆုံးပဲ..။

ရွာမှာ နွားသတ်ရင် အဲဒီနွားရဲ့ နှာကြား (ငယ်ထိပ်တည့်တည့် ) ကို ဆယ်ပေါင်တူလို့ဟာနဲ့ အားကုန်လွှဲထုတာ ပဲ..။ အဲဒါကြောင့် နွားသတ်ရင် .. နွားသတ်တယ်လို့ မခေါ်ဘဲ ထိပ်ထုတယ်လို့ ခေါ်ကြတယ်..။ အဲဒီလိုမျိုး ထိပ်ထုတာ မြင်ဖူးရင် သိပ်သနားဖို့ကောင်းတယ်..။

ငယ်ထိပ်အထုခံရလို့ မသေမရှင်ဖြစ်နေဆဲ နွားရဲ့ လည်မျိုကို ဓါးနဲ့လှီးပြီး သွေးဖောက်သေးတယ်..။ အဲဒီသွေးကို အမဲသွေးခဲ အနေနဲ့ ရောင်းကြတယ်..။ ၀က်သွေးခဲလဲ အလားတူပဲပေါ့..။ သေမှ သွေးဖောက်ရင်.. ရှင်ဆဲဖောက်သလောက်.. သွေးမထွက်ဘူးလို့ ဆိုတယ်..။

မသေမရှင်ဆန့်ငင်ဆန့်ငင် နွားလည်မျိုက တလဟော စီးကျနေတဲ့ သွေးတွေကို အောက်က ရေနွေးထည့်ထားတဲ့ သံချိုင့်နဲ့ ခံထားတာကို ကျွန်တော်တစ်ခါ မြင်ဖူးတယ်..။ သံချိုင့်ထဲ ရေနွေးထည့်ထားရင် အဲဒီသွေးက ခဲသွားတယ်လို့ အမဲပေါ်တဲ့ လူက ကျွန်တော့်ကို ရှင်းပြတယ်..။

အဲဒီမြင်ကွင်းကို အခုထက်ထိ အကြောင်းတိုက်ဆိုင်တိုင်း မျက်စိထဲက မထွက်တော့ဘူး..။

အဲဒီလိုမျိုး ကြိုက်တဲ့သူလာစားလို့ရတဲ့ မီးခိုးတိတ်အလှူတော်တော်များများမှာ ဘုန်းကြီးက မဏ္ဍပ်ကြီးထဲမှာ <ာငေူအသ်ါမဏ္ဍပ်ကြီးထဲမှာ> အလှူ့တကာတကာမကို ရေစက်ခွက်ကိုင်ခိုင်းပြီး ရေစက်ချနေချိန် မှာ နောက်ပိုင်းက ထမင်းဟင်းကျွေးတဲ့အဖွဲ့က ဟင်းပြတ်သွားလို့ အရေးပေါ် နွားတစ်ကောင်၊ ၀က်တစ်ကောင် ထိပ်ထု နေကြတာဟာ ရွာအလှူ့တွေရဲ့ ပြယုဂ်လို့တောင် ပြောလို့ရတယ်..။

အလှူ့ရှင်တော်တော်များများကလဲ အလှူပွဲပြီးမှ ဟင်းတွေ ဗုံးဗောလအော ပိုနေခဲ့မှာထက် လိုမှ ထိပ်ထုတာက ပိုကောင်းတယ်လို့ မြင်ကြပုံရပါတယ်..။ ဒါပေမယ့် တချို့အလှူ့ရှင်များကျတော့ ပွဲပြီးလို့ ပိုနေတဲ့ဟင်းကို ဈေးထွက်ရောင်းကြသေးတယ်..။

မီးခိုးတိတ်အလှူ ဆိုတော့လဲ.. အယုတ်အလတ်အမြတ်မရွေး၊ သူစိမ်းသူကျက် မရှိတော့ဘူး..။ ကိုယ့်ရွာက လူတောင်မကဘူး တခြားရွာကလူတွေပါ လာ စားကြတာဆိုတော့ မှန်းထားတာထက် အမြဲပိုနေတတ်တယ်..။ အဲဒါကြောင့် အမြဲ မလောက်မငှ ဖြစ်တယ်လို့ ဆိုရမှာပဲ..။

ဒီကြားထဲ.. ထမင်းကို နှစ်ခါပြန်စားတဲ့သူမျိုးတွေလဲ ရှိသေးတယ်..။ ထမင်းရုံစဖွင့်တာနဲ့ တစ်ခါ ၀င်တီးလိုက်တယ်..။ ထမင်းရုံပိတ်ခါနီး ညနေမစောင်းတစောင်းမှာ နောက်ဆုံးအကြိမ်ဆိုပြီး တစ်ခါ ၀င်အားပေးလိုက်ပြန်ရော..။

ရွာမှာ ထမင်းစားလက်မှတ်နဲ့ ကျွေးတဲ့အလှူမှာတောင် ထမင်းနှစ်ခါပြန်စားတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်သွားသေးတယ်..။ လူတစ်ယောက်က ထမင်းစားလက်မှတ်နဲ့ အလှူ့ထမင်းဝင်စားတယ်..။ အ၀အပြဲ စားပြီးတာနဲ့ လက်ဆေးတဲ့နေရာမှာ လက်ဆေးတယ်..။ လက်ဆေးရင်းတန်းလန်း အဲဒီနားကျနေတဲ့ ထမင်းစားလက်မှတ်တစ်စောင် ကောက်ရပါလေရော..။

ဗိုက်က တင်းနေပေမယ့်.. ကောက်ရတဲ့ ထမင်းစားလက်မှတ်ကို နှမြောလို့ ဆိုပြီး ထမင်းရုံထဲ တစ်ခါပြန်ဝင် ပြီး နောက်တစ်ကြိမ်ထပ်စားတယ်..။ တန်အောင် ဟင်းတွေချည်း ထိုင်စားခဲ့သတဲ့..။ ရွာမှာက အဲဒီလို လူမျိုးတွေလဲ ရှိတယ်..။

19.7 ရွာက ငါးရက်တဈေး

နွားထိပ်ထုတာ အကြောင်း ပြောမိပြန်တော့ ရွာဖက်က ငါးရက်တဈေး တွေမှာ အမဲပေါ်တဲ့ အကြောင်း ပြောဖို့သတိရလာပြန်တယ်..။ ငါးရက်တဈေးဆိုတာ နေ့တိုင်းဈေးမဟုတ်ဘဲ ငါးရက်မြောက်တိုင်း ဈေးရောင်း ဈေးဝယ်လုပ်ကြတာကို ပြောတာပဲ..။ ကြားရက်တွေမှာတော့ ဈေးအရောင်းအ၀ယ် မရှိတဲ့ ရွာပေါ့..။

ကျွန်တော်တို့ရွာကတော့ နေ့တိုင်းဈေးရှိတယ်..။ ဒါပေမယ့် ကျွန်တော်တို့ မြစ်ညာဖက်က ငါန်းမြာကြီး ဆိုတဲ့ ရွာနဲ့ မြစ်အောက်ဖက်က ဂင်ဂဲ ဆိုတဲ့ ရွာနှစ်ရွာကတော့ ငါးရက်တဈေးပဲ ရှိတယ်..။ ငါးရက်စာ ဈေးအရောင်းအ၀ယ်ကို တစ်ကြိမ်ထဲ ပေါင်းလုပ်တာမျိုး ဆိုတော့ အဲဒီလိုမျိုး ငါးရက်တဈေးတွေ သိပ်စည်တယ်..။ ကျွန်တော်တို့ရွာက ဈေးသည်ပေါင်းစုံ တခြားရွာနီးချုပ်စပ်က ဟင်းသီးဟင်းရွက်သည်တွေ ရွာခံ ဈေးသည်တွေနဲ့ ဈေးနေ့ဆိုရင် တိုးမပေါက်အောင်အထိ စည်တယ်..။

အရောင်းအ၀ယ်လဲ တော်တော်ဖြစ်ကြတယ်..။

(ဂင်ဂဲ ဆိုတာ စာရေးဆရာမ ခင်ခင်ထူးရဲ့ ရွာ (ဥဒယ) ဆိုတာနဲ့ ကပ်လျက်ရှိတဲ့ ရွာပဲ .. ကျွန်တော်တို့ နယ်ဖက်မှာတော့ အဲဒီနှစ်ရွာကို ပေါင်းပြီး လူတိုင်းက ဂင်ဂဲဥဒယ လို့ တွဲခေါ်ကြတယ်.. )

နေ့တိုင်းဈေးလိုမဟုတ်တော့ အထူးသဖြင့် အမဲသားငါးက ဈေးနေ့မှာ ပေါ်လေ့ရှိကြတယ်..။ နွား၊၀က် သတ်တာကို အမဲပေါ်တယ် ၀က်ပေါ်တယ် လို့ ပြောလေ့ရှိကြတယ်..။ နယ်ကလူတွေခမျာလဲ ရေခဲသတ္တောမရှိ၊ လျပ်စစ်မီးမရှိဆိုတော့ ဈေးနေ့မှာပေါ်တဲ့ အမဲသားငါးကို အလုအယက်ဝယ်ပြီး ထမင်းနဲ့လွေးကြရရှာတယ်..။ (ငါးကတော့ ဧရာဝတီမြစ်တကြောက ရွာတွေဆိုတော့ ပေါပါတယ် )

တချို့တော့လဲ ပိုပိုလျှံလျှံလေး ၀ယ်ထားပြီး အခြောက်အခြမ်းလေး လှမ်းထားပါတယ်..။ ဒါပေမယ့် များသောအားဖြင့်တော့ ဈေးနေ့မှပဲ အသားဟင်းလေး တူတူတန်တန်နဲ့ စားကြရတယ်..။

ဆိုတော့.. အဲဒီလိုဈေးနေ့တွေမှာ အမဲသား၊ ၀က်သား၊ ကြက်သား အတော်ရောင်းရတယ်..။ ဈေးက တစ်ပတ်တစ်ခါမဟုတ်ဘဲ.. ငါးရက်တဈေးဆိုတော့ တနင်္ဂနွေကျတဲ့ရက်ကျ၊ တနလာင်္ကျတဲ့ရက်ကျ နဲ့ ရက်စုံကျတယ်..။ ဒါပေမယ့် ရွာဖက်ကလူတွေအတွက်ကတော့ သူတို့ကိုယ်ပိုင် ပြက္ခဒိန်လိုဆိုရမလား ပဲ.. ဒီနေ့က ဂင်ဂဲဈေးနေ့.. ဒီနေ့က ငါန်းမြာဈေးနေ့ နဲ့ လုံးဝမလွဲဘူး..။

သူတို့တင် ဈေးနေ့ကို မလွဲတာလားဆိုတော့ မဟုတ်သေးဘူး..။ ငါးရက်တဈေးရှိတဲ့ ဂင်ဂဲ ရွာနဲ့ အနီးအနားရွာက ခွေးတွေကလဲ.. ဈေးနေ့ဆို သိတယ်..။ အထူးသဖြင့် ဈေးနေ့မတိုင်မီ ညမှာ အဲဒီရွာတကြော ခွေးအူသံတွေ ညံစီနေလေ့ရှိတယ်..။ ( ဟိုတုန်းကပါ.. အခုတော့မသိတော့ဘူး )

ခွေးတွေက မှတ်ဥာဏ်ကောင်းလွန်းလို့ သိတာတော့မဟုတ်ဘူး..။ အမဲသားရောင်းတဲ့သူက ခွေးသားရော ရောင်းဖို့ ရွာထဲက ခွေးတွေကို သတ်လို့ ခွေးတွေအူတာပဲ..။ အဲဒီငါးရက်တဈေးရှိတဲ့ ဂင်ဂဲရွာနားမှာ သိမ်ရွာ ဆိုတဲ့ ရွာတစ်ရွာရှိတယ်..။

အဲဒီရွာကို ကျွန်တော်နဲ့ အဖေ ညအိပ်အလည်သွားတယ်..။ ကျွန်တော်တို့ ရောက်တဲ့ရက်က ဂင်ဂဲဈေးမတိုင်မီ တစ်ရက်..။ ညအိပ်တော့ သိမ်ရွာ တရွာလုံး ခွေးအူသံတွေနဲ့ ဆူညံနေတာပဲ..။ အကျိုးအကြောင်းမေးကြည့်တော့ အိမ်ရှင်က မနက်ဖန်ဂင်ဂဲဈေးနေ့လေ.. ခွေးတွေသတ်နေတာ လို့ ရှင်းပြတယ်..။

ကိုရီးယားတွေ ခွေးသားစားတာ ဘာဟုတ်လို့လဲ..။ ကျွန်တော်တို့ဆီမှာလဲ .. ခွေးသားစားနေတာ ကြာပေါ့..။ ခွေးသားက ငှက်ဖျားပျောက်တယ်လို့တောင် ရွာဖက်မှာ ပြောကြတယ်..။ အတော်ပူတဲ့ အသားလို့လဲ ဆိုကြတယ်။ နောက်ပြီး .. ဟင်းချက်ရင် ပေါလောပေါ်နေတယ်လို့လဲ ကြားဖူးတယ်..။

ဟုတ်မဟုတ်ကတော့.. မစားဖူးလို့ မသိကြောင်းပါ..။

19.8 စားဖူးတဲ့မြွေသား

ခွေးသားသာ မစားဖူးတာ.. မြွေသားတော့ စားဖူးတယ်..။

ကျွန်တော် ပဉ္စမတန်းရောက်တော့ ကျွန်တော်တို့နေလက်စ အိမ်ကနေ ဖယ်ပေးရဖို့ဖြစ်လာတယ်..။ ရွာမှာ ကျွန်တော်တို့က အိုးပိုင်အိမ်ပိုင်မရှိဘူး..။ အဖေက ကျွန်တော်လူမှန်းမသိခင်ကတည်းက ရွာကို တာဝန်နဲ့ ရောက်လာခဲ့တာ ဆိုတော့ အစိုးရပိုင်အိမ်မှာ ကျွန်တော်တို့ကြီးပြင်းလာခဲ့ရတယ်..။

ကျွန်တော်လူမှန်းသိတော့ အဖေက အလုပ်ပြုတ်လုပြုတ်ခင် ဖြစ်နေပါပြီ..။ ဒါပေမယ့် နေလက်စ အိမ်လေးမှာပဲ ဆက်နေခွင့်တော့ ရနေသေးတယ်..။ နောက်ဆုံးတော့ ပြတ်ပြတ်သားသားဖြစ်သွားတယ်..။ မဖြစ်မနေ ဖယ်ပေးရမယ်ဆိုတဲ့ အမိန့်ကျလာခဲ့တယ်..။



အဲဒီလိုနဲ့ ရွာအနောက်ခြမ်းက အိမ်တအိမ်ကို ကျွန်တော်တို့မိသားစု ပြောင်းခဲ့ကြတယ်..။ တစ်လကို ၅၀ ( ငါးဆယ်ကျပ် ) အိမ်လခ ပေးရတယ်..။ အိမ်ရှင်က ကျွန်တော်တို့ ရဲ့ ဆရာ..။ ရွာမှာက အိမ်ငှားတဲ့အလေ့ အထမရှိသလောက်ပါပဲ..။ ပြောရရင်.. ကျွန်တော်တို့မိသားစုက ပထမဦးဆုံးပဲ ထင်တယ်..။



မြွေသားစားဖူးတယ်ပြောပြီး ဘယ်နှယ့်အိမ်ငှားတဲ့အကြောင်း ရောက်သွားပါလိမ့်လို့ ထင်နေကြတော့မယ်..။ တကယ်တော့ မြွေသားစားရတာနဲ့ အိမ်ငှားတာနဲ့က ဆက်စပ်နေတယ်..။ ကျွန်တော်တို့ငှားနေတဲ့ အိမ်ဘေးမှာ အဘိုးကြီးတစ်ယောက်နေတယ်..။ မုဆိုးဖိုကြီးပေါ့..။



တကယ်တမ်းသူ့ရဲ့ အသက်မွေးကျောင်းပညာက ပန်းတိမ်လုပ်တာပဲ..။ ရွာမှာတော့ အတော်ဆုံး ပန်းတိမ်ဆရာကြီး လို့ ပြောရမှာပဲ..။ ပန်းတိမ်ပညာတင်မကဘူး သားဖမ်းငါးဖမ်း အတတ်ပညာတွေလဲ အဲဒီအဘိုးကြီးက တဖက်ကမ်းခတ်တယ်..။



မြွေသားက အဲဒီအဘိုးကြီး ကျွေးလို့ စားဖူးတာ..။ အဲဒီအဘိုးကြီးက မြွေလူးရာ ( မြွေလမ်းလျောက်တဲ့အခါ မြေကြီးပေါ်မှာကျန်ခဲ့တဲ့ အရေးအကြောင်း ) ကို ကြည့်ပြီး ဒီမြွေဘယ်သွားသလဲ ဆိုတာအထိ ခန့်မှန်းနိုင်တယ်။



တစ်ရက် လမ်းဖကြီးဖက်ကနေ သူ့အိမ်ဖက်ကို မြွေတစ်ကောင် ဖြတ်သွားတဲ့ အရာတွေ့တယ်..။ အဲဒီအရာကို ကြည့်ပြီး ဒီမြွေအိမ်ထဲမှာပဲ ရှိနေသေးတယ်ကွ လို့ သူပြောတယ်..။ ကျွန်တော်တို့လဲ အတော်အံ့သြသွားတာပေါ့..။ မြွေရာ ဆိုတာ အိမ်ထဲဝင်တာဖြစ်နိုင်သလို အိမ်ထဲကနေ အိမ်ပြင်ထွက်သွား တာလဲ ဖြစ်နိုင်တာကိုး..။

ဒါပေမယ့် သူပြောတာမမှားဘူး..။ မြွေရာကြည့်ပြီး ခြေရာခံလိုက်တော့ နောက်ဆုံး သူ့အိမ်နောက်ဖေးက သစ်ပုံအောက်မှာ နည်းတဲ့မြွေပွေးကြီးမဟုတ်ဘူး.. တွေ့တယ်..။ အဲဒါကြီးကို ရိုက်သတ်ပြီး ခေါင်းဖြတ်လိုက်တယ်..။ နောက်.. အိမ်ခါးပန်းမှာ စောက်ထိုးဆွဲပြီး အရေခွံကို ဆုတ်ချလိုက်တယ်..။ အသားကို ငါးရံ့တုံးသလိုတုံးပြီး ကြက်ကာလသားချက်သလိုမျိုး သူချက်တယ်..။



ကျွန်တော်တို့ကို ဟင်းတစ်ခွက်ပေးတယ်..။ မှတ်မိသေးတယ်..။ ကျွန်တော်ဟင်းခွက်ဆီ လက်လှမ်းပြီးမှ ပြန်ရုတ်တဲ့ အကြိမ်ပေါင်းမနည်းဘူး..။ မြွေဆိုတာ ရွံစရာကြောက်စရာကြီးဆိုတဲ့ အမှတ်သညာက သာမန်ကြက်သား ၀က်သားစားသလိုမျိုးစိတ်နဲ့ မတူအောင်ကို တားနေတော့တာပဲ..။



ဒါပေမယ့် အသစ်အဆန်းအနေနဲ့ စားကလဲ စားချင်နေပြန်တယ်..။ နောက်ဆုံးတော့ ခပ်သေးသေး ဟင်းတုံး တစ်တုံးကို ကျွန်တော့်ထမင်းပန်းကန်ထဲ ခပ်ထည့်လိုက်မိတယ်..။ ပန်းကန်ထဲ ဟင်းရောက် သွားပြန် တော့ စားဖို့စိတ် မွေးရပြန်တယ်..။ အဆိပ်တွေ မစင်ရင် ကိုယ်ကျိုးနည်းကုန်တော့မှာ ပဲ လို့လဲ တွေးနေမိတယ်..။



နောက်ဆုံးတော့ ခုမှတော့ မထူးတော့ပါဘူး ဆိုတဲ့ စိတ်နဲ့ မရဲတရဲ ပါးစပ်ထဲ ထည့်လိုက်မိတယ်..။ ဒါတောင်မှ တော်တော်နဲ့ မ၀ါးမိသေးဘူး..။ မြွေရိုးဆူးရင် သေတယ်ဆိုတဲ့ ကလေးဘ၀ ခြောက်လုံးက ခေါင်းထဲ ရောက်လာပြန်တယ်..။



ကြာကြာလဲ ငုံထားလို့ မဖြစ်တော့ သွားမရှိတော့တဲ့ မယ်ကြီးအို အံဖုံးနဲ့ကြိတ်သလိုမျိုး တမြုံ့မြုံ့လေး စ ၀ါးမိတယ်..။ ကိုရီးယားကားထဲက စားဖိုမှုးကြီး ဟင်းမြည်းသလိုမျိုး မျက်စိကို တောင်ကြည့်မြောက်ကြည့်၊ ခေါင်းငြိမ့်တော့မှာလိုလို ခေါင်းခါတော့မှာလိုလို စတိုင်နဲ့ ပေါ့..။

အရသာကတော့ ကြက်သားစားရတာမျိုးနဲ့ ဆင်ဆင်တူတယ်..။ ဒါပေမယ့် သူကနည်းနည်းတော့ ပေါ့တယ်..။ ဟင်းချက်တဲ့လူကြောင့် ပေါ့သွားတာလဲတော့ မသိဘူး..။ အရိုးမဆူးရေးကလဲ စိုးရိမ်နေမိတော့ ငါးဟင်းစားသလိုမျိုးတော့ စိတ်ရှိလက်ရှိမစားဖြစ်ပါဘူး..။



အရေးထဲ ကိုယ်က သတိနဲ့ ရှေ့မဲစားနေတုံး နောက်ကျောကို ဟင်းပေးတဲ့ ဘိုးတော်က လာပုတ်သေးတယ်..။ အာရုံက ပါးစပ်ထဲက မြွေသားကို ရောက်နေတုံး ရုတ်တရက် နောက်ကျော အပုတ်ခံလိုက်ရတော့ လန့်ဖြန့်ပြီး ပါးစပ်ထဲက ဟာတွေ အကုန် ထွက်ကုန်တော့တာပဲ..။



အဘိုးကြီးကတော့ တဟားဟားနဲ့ ရယ်နေတယ်..။ အတူထမင်းစားတဲ့ ညီအကိုတတွေကတော့ ကောင်းကောင်း ဆဲတော့တာပဲ..။ မြွေပွေးသားဆိုတာ ကျန်တဲ့မြွေသားတွေထက် ပိုကောင်းတဲ့ အသားကွ.. ပိုက်ဆံရှိတိုင်းတောင် စားရတာမဟုတ်ဘူး.. အဲဒီလောက်အထိ စိုးရိမ်မနေပါနဲ့ စားမှာသာစားစမ်းပါလို့ အဘိုးကြီးက ရယ်ရင်း ပြောတယ်..။



မြွေခြင်းအတူတူဗျာ.. ဘယ်မြွေသားက ပိုကောင်းတယ်ဆိုတာ ရှိသေးလို့လား လို့ ကျွန်တော်က မေးတော့ ဟ.. ရှိတာပေါ့ကွ.. မြွေဟောက်သားဆိုပူတယ်..လင်းမြွေဆိုရင် ဖတ်သတ်သတ်နဲ့ အရသာ မတူဘူး လို့ အဘိုးကြီးက မြွေဋီကာ ဖွင့်ပြတယ်..။



မြွေပွေးဆိုတာ မြွေထဲမှာ ဥမဥတဲ့ မြွေကွ..။ သားပေါက်ရင် မြွေလေးတွေက အမေဗိုက်ဖောက်ထွက်တာ..။ ကျန်တဲ့မြွေတွေက ဥကနေ ပေါက်တာ.. မတူဘူးကွ.. လို့ သူကဆက်ပြောတယ်..။ ဟုတ်မဟုတ်တော့ သေချာမသိပါဘူး..။



ဒါပေမယ့် အဲဒါဟာ ကျွန်တော့်ဘ၀မှာ ပထမဦးဆုံးနဲ့ နောက်ဆုံး မြွေသားစားဖူးတဲ့ အတွေ့အကြုံတစ်ခုပါပဲ..။



ရန်ကုန်မှာ သိမ်ကြီးဈေးအပေါ်ထပ်က စားသောက်ဆိုင်တစ်ခုမှာ မြွေသားရတယ်လို့ စားဖူးတဲ့ သူငယ်ချင်းတစ်ယောက်က ပြောဖူးတယ်..။ အတော်ကြာသွားပြီမို့ အခု ရှိသေးလားတော့ မသိပါဘူး..။ စိတ်ဝင်စားသူများ စမ်းကြည့်ကြဖို့ပါ..။



သတင်းတစ်ခုမှာ ဖတ်လိုက်ရတာကတော့ ဟောင်ကောင်မှာဆို မြွေသားက အတော်ဈေးကြီးတယ်ဆိုပဲ..။ မြွေဟောက်ဖြူဆိုရင် .. တစ်ကီလိုကို .. ဒေါ်လာထောင်ဂဏန်းတောင် ပေးရတဲ့ အထိ ဈေးမြှောက်သတဲ့..။ နောက်ပြီး ဆိုင်ရှေ့မှာ မြွေအရှင်တွေကို မှန်ပုံးနဲ့ ဒီအတိုင်းထည့်ထားပြီး လာစားတဲ့သူက ကြိုက်တဲ့အကောင်ကို လက်ညှိုးထိုးပြတာနဲ့ ချက်ခြင်းသတ် ချက်ခြင်းချက်ကျွေးသတဲ့..။

18.1 ရွာသားရန်ကုန်ရောက်

ကြုံလို့ အဲဒီသဘောင်္သားသူငယ်ချင်း နဲ့ ကျွန်တော့်အကြောင်းပြောရဦးမယ်..။

သူနဲ့ ကျွန်တော် ဗိုလ်တထောင်ဖက်က အပြင်ဆောင်တစ်ခုမှာ အတူနေဖူးတယ်..။ ၁၉၉၂ ခုနှစ် ၀န်းကျင် ကပဲ..။ သူက အဝေးသင်တဖက်နဲ့ သင်္ဘောတက်ဖို့ သင်တန်းတွေတက်ပြီး လုံးပမ်းနေတဲ့ အချိန်.. ကျွန်တော်က ဒုတိယနှစ် စာမေးပွဲပြီး ရွာမပြန်ဘဲ ရန်ကုန်တက်လာတဲ့ အချိန်ပေါ့..။

သူနဲ့ အတူနေမယ်.. သူ့ကိုတွေ့မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရန်ကုန်တက်လာတာတော့ မဟုတ်ဘူး..။ အကြောင်းတိုက်ဆိုက်ပြီး သူနဲ့ နေဖြစ်သွားခဲ့တာ..။ ရန်ကုန်ကို စွတ်ရွတ်ပြီးသာ ထွက်လာတာ.. အဲဒီတုံးက ဘယ်နေလို့ ဘယ်နေရမှန်းမသိခဲ့ဘူး..။ လုပ်ချင်တာက အင်္ဂလိပ်စကားပြောနဲ့ ကွန်ပြူတာသင်တန်းတက်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ..။

ဒါပေမယ့် ပိုက်ဆံက လမ်းစားရိတ်တောင် အနိုင်နိုင်.. ရန်ကုန်ရောက်မှ ကြည့်ကျက်လုပ်ရမှာပဲ လို့ တွေးရင်း တက်လာတာ..။

ရန်ကုန်ရောက်ရောက်ခြင်း အောင်ဆန်းကွင်းမှာ နေရတယ်..။ ရွာက သူငယ်ချင်း တစ်ယောက်က အဲဒီတုံးက မြန်မာ့လက်ရွေးစင် ဘော်လီဘောသမား ဖြစ်နေတယ်..။ သူ့နားကပ်နေရတာပဲ..။ ခမျာမလဲ.. ရရစားစား ၀ါးဝါးမျိုမျို ဆိုတော့ တခါတရံ နှစ်ယောက်ပေါင်း ငတ်ကြရတယ်..။

ဒါပေမယ့်.. သူ့ရည်းစားက ဘူတာကြီးနားမှာ ထမင်းဆိုင်ဖွင့်ထားတော့.. အဆောင်ထမင်းဟင်း မလောက်ငှရင်.. အဲဒီကောင်မလေးဆိုင် ပြေးကြရတယ်..။ အခုတော့ ကလေး တစ်ယောက်နဲ့ အတော့်ကို အဆင်ပြေနေကြပါပြီ..။

အပြင်ဆိုင်မှာ သွားစားတယ်ဆိုလို့ ထောလှချည်လားလို့ မထင်နဲ့..။ အဲဒီတုံးက သူ့ယောက်ခမလောင်းကြီးက ဆိုင်ကို စီမံကွပ်ကဲတယ်..။ နှစ်ယောက်သား ပိုက်ဆံမပါဘဲ.. ထမင်းနဲ့ဟင်း မှာစားကြတယ်..။ သူ့ကောင်မလေးက.. ထမင်းဟင်းပန်းကန်တွေ လာချရင်းနဲ့ ထမင်းပန်းကန်အောက်မှာ ပိုက်ဆံညှပ်ပြီး ပေးရတယ်..။

အဲဒီပိုက်ဆံနဲ့ ထမင်းဖိုး ပြန်ရှင်းကြရတယ်..။

ဒါပေမယ့် အဲဒီလိုမျိုး အဆင်ပြေနေတာလေးက ကြာရှည်မခံခဲ့ဘူး..။ မောင်မင်းကြီးသားက ချင်းမိုင်မှာ နိုင်ငံတကာ ပြိုင်ပွဲရှိလို့ဆိုပြီး နိုင်ငံခြားသွားဖို့ ဖြစ်လာခဲ့တယ်..။ ကောက်ရိုးပုံပျောက်တဲ့ ဟိုအကောင်လို ကျွန်တော့်မှာဖြစ်ပြီပေါ့..။

သူ့ရည်းစားကလဲ.. သူမပါဘဲနဲ့တော့ ထမင်းပန်းကန်အောက် ပိုက်ဆံဘယ်ညှပ်ပေးမလဲ..။ နေဖို့ ထိုင်ဖို့ကလဲ လိုလာပြန်တယ်..။ နောက်ဆုံးတော့ ကျေးဇူးရှင်ကြီး နိုင်ငံခြားမသွားခင် နှစ်ရက်လောက် အလို ညမှာ.. ဗိုလ်တထောင်ဘုရားရှေ့တည့်တည့်က ရွာဆက် ဘုန်းကြီးကျောင်းကို ထရန်စဖာ လုပ်လိုက် ရတယ်..။

အဲဒီနေ့ညမှာ သူငယ်ချင်းက စက်ဘီးနဲ့ ကျွန်တော့်ကို ဘူတာကြီးကနေ ဘုန်းကြီးကျောင်းလိုက်ပို့တယ်..။ ကျောင်းရောက်တော့ ဘုန်းကြီးကို ၀တ်ချပြီး ခေတ္တတည်းခိုခွင့် တောင်းရတယ်..။ အဲဒီမှာ အိမ်တက်လုပ်တဲ့ သဘောင်္သားလောင်းလျာနဲ့ တွေ့တာပဲ..။

သူက စီနီယာပေါ့..။ ဘုန်းကြီးနဲ့လဲ အတော်ရင်းနှီးတယ်..။ ရွာမှာတုံးက သူနဲ့ သိပ်မခင်ကြပေမယ့် ရပ်ဝေးမှာ တွေ့တော့ အတော့်ကို ရင်းနှီးသွားကြတယ်..။ သူ့အကိုက အဲဒီတုံးက အကောက်ခွန်မှာ အလုပ်လုပ်တယ်..။ အဆင်ပြေတယ်လို့ ဆိုရမှာပဲ..။

သူ့ညီ သင်္ဘောသားဖြစ်ရေးကို သူကပဲ အားလုံးတာဝန်ယူထားတယ်..။ ဒါပေမယ့် ကျွန်တော့်သူငယ်ချင်းက အင်မတန် စေ့စပ်တယ်..။ အပိုသုံးတာ မရှိသလောက်ပဲ..။ ကျွန်တော်နဲ့သူ မနက်လင်း ဘုန်းကြီးကျောင်း ကနေ ထွက်ကြတယ်..။

ကျွန်တော့်မှာ မယ်မယ်ရရ ဘာမှ လုပ်စရာမရှိလေတော့ သူ့သင်္ဘောသား ကိစ္စ၀ိစ္စတွေ လုပ်တာနောက် တကောက်ကောက်လိုက် နေတော့တာပဲ..။ စားတာသောက်တာကတော့ အပြင်မှာ ကြုံရင်ကြုံသလို စားကြရတယ်..။

Thursday, August 14, 2008

18.2 ဘတ်စ်ကားနဲ့ ကျွန်တော်

တစ်ပတ်နှစ်ပတ် ကြာလာတော့.. ဘုန်းကြီးကလဲ ကျွန်တော့်ကို နည်းနည်း ငြိုငြင်သလို ဖြစ်လာတယ်..။ နဂိုရ်ကလဲ သိပ်မှ မရင်းနှီးမပတ်သက်တာဆိုတော့ သူလဲ ငြိုငြင်မှာပေါ့..။ ဆွမ်းဟင်းကလဲ သိပ်ကြီး ပိုလျံတာမဟုတ်တော့ တခါတရံ ညစာကို ချက်စားကြရတယ်..။

ကျွန်တော်လဲ နောက်ဆုံး ရွာပဲ ပြန်တော့မယ်ကွာလို့ သူငယ်ချင်းကို ပြောရတော့တယ်..။ ဘုန်းကြီးကိုလဲ အားနာနေရပြီဆိုတာ သူလည်း ရိပ်မိတယ်..။ ဒါပေမယ့် သူကလည်း ကျွန်တော့်ကို သိပ်ခင်နေတော့ နောက်ဆုံး ဗိုလ်တထောင်သစ်စက်ရှေ့နားက အပြင်ဆောင် ပြောင်းနေမယ်..။ ရွာကို မပြန်နဲ့..။ ကျောင်းဖွင့်မှ.. ပြန်တော့ လို့ နှစ်ယောက်သား ဆုံးဖြတ်ပြီး ဘဂ၀ါ ဟော်စတယ် ကနေ အပြင်ဘော်ဒါဆောင်ကို ယွန်းခဲ့ကြတော့တယ်..။

အဆောင်ကြေးက တစ်ယောက်ငါးရာ ပေးရတယ်..။ နှစ်ယောက်တစ်ခန်း နေတယ်..။ အဆောင်သိပ်တော့ မကပ်ဖြစ်ကြပါဘူး..။ မနက်လင်း ထွက်.. ညလောက်မှ ပြန်လာ ပေါ့..။ သင်္ဘောသားရုံးတွေ ကလဲ မြို့ထဲမှာ ရှိတာဆိုတော့ မနက်ဆို နှစ်ယောက်သား ရေမိုးချိုးပြီး အဆောင်ရှေ့က မှတ်တိုင်မှာ လိုင်းကားစောင့်စီးပြီး လစ်ကြတာပဲ..။

လိုင်းကား ဆိုလို့ လိုင်းကားစီးတဲ့ အကြောင်း အမှတ်တရ ပြောရဦးမယ်..။ အောင်ဆန်းကွင်းမှာ သူငယ်ချင်းနဲ့ နေတုံးကလဲ.. ဟိုဟိုဒီဒီ သွားလေ့သွားထ မရှိတော့ လိုင်းကားနဲ့ ကျွန်တော် သိပ်အထာမကျဘူး..။ အထူးသဖြင့် ဟိုင်းလတ်ကားလေးတွေနဲ့ သိပ်အဆင်မပြေချင်ဘူး..။

ကားကြီးတွေ ဆိုရင်တော့ ဘာမှ ထွေထွေထူးထူး မဖြစ်ပါဘူး..။ လာတာနဲ့ တက်စီးလိုက်တာပါပဲ..။ ဒါပေမယ့် မှတ်မှတ်ရရ ဟိုင်းလတ်လိုင်းကား ကျွန်တော်စစီးတော့.. ပြဿနာတက်တော့တာပဲ..။

ဒရိုင်ဘာဖယ်ပေးတဲ့ နောက်ပေါက်ကနေ ကားထဲ ခါးကုန်း ၀င်ရတယ်..။ အလယ်ခုံပဲ လွတ်တာမို့ အလယ်ခုံမှာ ကျွန်တော်ထိုင်တယ်..။ ဒါပေမယ့် အလယ်ခုံမှာ ထိုင်တဲ့သူ နောက်လှည့်ထိုင်ရတာကို ကျွန်တော်က မသိတော့ တက်လာတဲ့အတိုင်းပဲ ကားရှေ့ခန်းကို မျက်နှာမူပြီး ထိုင်ချလိုက်မိတယ်..။

ဒရိုင်ဘာက လှမ်းအော်ပေမယ့် ကိုယ့်နောက်ကလူတွေကလဲ ထပ်ကြပ်မကွာ တက်လာတော့ ပြင်ချိန်မရတော့ဘူး..။ ကျွန်တော်တစ်ယောက်ထဲ ကျန်တဲ့ခရီးသည်တွေနဲ့ ပြောင်းပြန် ထိုင်နေမိတာပေါ့..။ သူငယ်ချင်းကတော့ နောက်ကတွယ်စီးရင်း ရယ်နေတယ်..။

ဒါပေမယ့် ဖြစ်ချင်တော့ ဒရိုင်ဘာက ရုတ်တရက်ဘရိတ်အုပ်လိုက်တယ်..။ နဂိုရ်ကတည်းက အမြီးအမောက် မတည့် ထိုင်နေတာဆိုတော့ ဒရိုင်ဘာဘရိတ်လဲ အုပ်လိုက်ရော ကျွန်တော့်ခေါင်းက ကျွန်တော့်ရှေ့တည့်တည့်မှာ နောက်ပြန်ထိုင်နေတဲ့ မိန်းမကြီး ပေါင်ကြားရောက်သွားပါလေရော..။

'' ဟဲ့ သောက်ပလုတ်တုတ်.. မြတ်စွာဘုရား '' ဆိုပြီး အဲဒီမိန်းမကြီးက သူ့ပေါင်တွေကို ကြောက်အားလန့်အားနဲ့ စု လိုက်တော့ ကျွန်တော့်မှာ ကွမ်းညှပ်နဲ့ အညှပ်ခံရတဲ့ကွမ်းသီးလုံး လို့ အူးအူးအဲအဲ နဲ့ ပေါ့..။

တကားလုံး ၀ိုင်းရယ်ကြတာ သောသောကို ညံလို့..။

ရန်ကုန်ရောက် တောသားကျွန်တော်ရဲ့ ခွကျကျဟာသ တစ်ပုဒ်ပေါ့ဗျာ..။ နောက်တော့လည်း.. တောသားလူလည်ကြီးကို ဖြစ်လို့..။ တခါတရံ ဘတ်စ်ကားခတောင် မပေးတော့ဘူး..။

အထူးသဖြင့် ဘတ်စ်ကား အကြီးကြီး တွေ စီးရင် အပေါက်နားတွယ်မစီးဘဲ ကားအတွင်းကို အတင်းတိုးဝင်သွားပြီး စပယ်ယာ ကားခလာတောင်းတိုင်း မျက်နှာထိမျက်နှာထားနဲ့ '' ဘယ်နှစ်ခါ ပေးရမှာလဲ '' လို့ ဟောက်စား လုပ်တဲ့ အထိ အတတ်ကောင်းတွေ တတ်လာတယ်..။

အဲဒီလိုမျိုး ပြောပြီးတိုင်း စိတ်ထဲမှာ ကျလိကျလိနဲ့ အတော်ရယ်ချင်တယ်..။ မျက်နှာပိုးမနည်းသတ်ထားရတယ်..။ '' ဒီတစ်ခါပဲ ပေးရမှာပါ '' လို့ ပြန်ပြောတဲ့ စပယ်ယာနဲ့ မဆုံတာ ကံကောင်းတယ်..။ စပယ်ယာတော်တော်များများကတော့ အတည်ပေါက်နဲ့ ဘယ်နှစ်ခါပေးရမှာလဲ လို့ အပြောခံရတော့ သူတို့ မှားတောင်းမိတယ်လို့ ပဲ ထင်သွားလေ့ရှိကြတယ်..။

ခင်ဗျားတို့လဲ ဘတ်စ်ကားစီးဖို့ကြုံရင် ကျွန်တော့်နည်းစမ်းကြည့်ပါ့လား.။(ကိုယ်ဖြစ်ကိုယ်ခံပေါ့)

Wednesday, August 13, 2008

18.3 Speaking တက်တဲ့ကျွန်တော်

အဲဒီလိုနဲ့ သူငယ်ချင်းနောက် လိုက်.. အချိန်တန် အဆောင်ပြန်.. နဲ့ ရက်တွေ တစ်ရက်ပြီးတစ်ရက် ကုန်သွားခဲ့တယ်..။ အပြင်ဆောင်နေတာ တစ်လလောက် ရှိတော့ သူငယ်ချင်းကောင်းမှုနဲ့ အင်္ဂလိပ်စကားပြော သင်တန်းတက်ဖို့ ဖြစ်လာခဲ့တယ်..။

ပန်းဆိုးတန်းနဲ့ ဗန္ဓုလမ်းထောင့်မှာ ထင်ပါရဲ့ ..။ ကေတီ ဦးတင့်လွင်ဆိုတဲ့ ဆရာ သင်တဲ့ သင်တန်းမှာ ကျွန်တော် စာရင်းသွင်းတယ်..။ တစ်လ သုံးရာကျပ် ပေးရတယ်..။

ပိုက်ဆံက စာရင်းသွင်းသွင်းခြင်း ပေးရတယ်..။ ဒါပေမယ့် သုံးလေးရက်တက်ပြီး ကျွန်တော်မသွားတော့ဘူး..။ ရှက်လို့..။ သင်တန်းစ တဲ့ရက်မှာ ဆရာက တစ်ယောက်ခြင်း ပြောချင်ရာပြောကြ လို့ ခိုင်းတယ်..။ ဘိုလို ပြောကြရတယ်..။

ကျွန်တော့်ရှေ့က သင်တန်းဖော်တွေ ပြောတာ အတော်ကောင်းသကိုး..။ သူတို့က အတော်လေးလဲ ကျွမ်းကျင်နေပြီနဲ့ တူပါတယ်..။ ကျွန်တော့်အလှည့်ရောက်တော့ ဘာပြောရမှန်းလဲ မသိ..။ ခေါင်းထဲမှာလဲ .. ဘာမှ ပြင်ဆင်ထားတာကလဲ မရှိ..။

ဆရာက ပြောချင်ရာပြော လို့ဆိုပေမယ့် '' မိုင်းနိမ်းအစ်စ် ဘယ်သူ '' လို့ ပြောရမှာကလဲ ရွံ့တွန့်တွန့် ရှက်တက်တက် ဖြစ်နေတယ်..။ ဒါပေမယ့် တခြားအကြောင်းအရာကလဲ.. စဉ်းစားလို့ကို မရဖြစ်နေတယ်..။

ဆရာကတော့ ကျွန်တော့်ကို ပြုံးပြီး ကြည့်နေတယ်..။ ကျန်တဲ့ သင်တန်းဖော်တွေကလဲ ကျွန်တော်ဘာပြောမလဲ လို့ စိတ်ဝင်စားနေကြတယ်..။ သူတို့ကို ပြူးတိပြူးကြောင်နဲ့ ကျွန်တော် ပြန်ကြည့်နေရင်း ခေါင်းထဲမှာ ဆယ်တန်းတုံးက သင်ခဲ့ရတဲ့ လေထန်ကုန်း ၀တ္ထု ပေါ်လာတယ်..။

ကျွန်တော်လဲ ဖြစ်ချင်ရာဖြစ်ကွာ ဆိုတဲ့ စိတ်နဲ့.. ဟိကလစ် က ကတ်သရင်း ကို ပြောတဲ့ " I'm hero of romance.... eternal rock, beneath the earth" ဆိုတဲ့ စာသားတွေ ရွတ်ချလိုက်တယ်..။

အားလုံးက ၀ိုင်းရယ်ကြတယ်..။ ကျွန်တော်လဲ အတော်ရှက်သွားတယ်..။ နောက်တစ်ရက်နှစ်ရက်လောက် တက်ပြီး အဲဒီသင်တန်းကို ကျောခိုင်းလိုက်တော့တယ်..။

သူငယ်ချင်းကတော့ ကောင်းကောင်းဆဲတယ်..။ ပိုက်ဆံသုံးရာ အလကားဖြုန်းသလို ဖြစ်သွားတော့ နှမြောမှာပေါ့..။

Tuesday, August 12, 2008

18.4 ဗိုလ်တထောင်နေ့ရက်များ

ကျွန်တော်ပြောခဲ့သလို သူက စည်းကမ်းကြီးတယ်..။ စေ့စပ်တယ်...။ ဘယ်လောက် စေ့စပ်သလဲ ဆိုရင်.. အပြင်မှာ ၀ယ်စားနေတာ ကုန်တယ် ဆိုပြီး.. အဆောင်မှာ ချက်စားကြတဲ့ အထိပဲ..။ တစ်ဆောင်လုံးမှာ ချက်စားတာဆိုလို့ ကျွန်တော်တို့ပဲ ရှိတယ်..။ ကျွန်တော်တို့ ဘေးနှစ်ခန်းကျော်လောက်က လင်မယားတွဲတောင် ချက်မစားဘူး..။ အပြင်မှာပဲ စားကြတာ..။

ချက်စားရတာလဲ သိပ်တော့ အဆင်မပြေပါဘူး..။ ဘာမှလဲ ဖွယ်ဖွယ်ရာရာ မချက်တတ်လေတော့ တစ်ခါလာ လဲ ကန်စွန်းရွက်ကြော် .. ဘဲဥကြော်.. ကြက်ဥကြော်.. ပေါ့။ ဈေးဝယ်တော့ ကျွန်တော်ဝယ်ရတယ်..။ ဟင်းက သူချက်တာများတယ်..။

ဗိုလ်တထောင် ကားပွဲစားတန်း ( အခုရှိသေးလားမသိ ) နဲ့ ကမ်းနားလမ်းကြားထဲမှာ ဈေးလေးတစ်ခု ရှိတယ်..။ အဲဒီမှာ ၀ယ်ရတယ်..။ ကျွတ်ကျွတ်အိတ်လေး ခါးကြားထိုးပြီး ဈေးထဲ ဟိုလျောက်ကြည့် ဒီလျောက်ကြည့်ပေါ့..။

များသောအားဖြင့်တော့ ကုန်စိမ်းတန်းမှာ ( မာမာအေး လေသံနဲ့ ပြောရရင် ) '' ခြေရာချင်းလဲထပ်ခဲ့ပေ '' ဆိုတာမျိုးပေါ့..။ ကုန်စိမ်းတန်းမှာ ဆိုင်တွေ တော်တော်များများရှိပေမယ့် ကျွန်တော်ဝယ်နေကျ ဆိုင်ကတော့ တစ်ဆိုင်ထဲပဲ ရှိတယ်..။

အဲဒီဆိုင်က သူများဆိုင်တွေထက် ဈေးပိုမချိုဘူး..။ ဟင်းသီးဟင်းရွက်တွေကလဲ ပိုမလတ်ဆတ်ဘူး..။ ဒါပေမယ့် ဆိုင်ရှင်ကောင်မလေးက ချစ်စရာလေး..။ ဟဲဟဲ.. အဲဒါကြောင့် အားပေးမိတာ..။

ပထဆုံး ဈေးလိုက်တဲ့ ရက်မှာပဲ အဲဒီကောင်မလေးကို သတိထားမိတယ်..။ တခြားကုန်စိမ်းရောင်းတဲ့ အမျိုးသမီးတော်တော်များများက အသက်ကြီးကြီး တွေ..။ သူမကတော့.. ကျွန်တော်နဲ့ မတိမ်းမယိမ်း ဖြူဖြူနွဲ့နွဲ့လေး..။

တခြား အဒေါ်ကြီးတွေက ဘာလိုချင်လဲ.. လတ်ဆတ်တယ်.. မေးပါဝယ်ပါ.. ပြောနေတာတွေကို ကိုယ်နဲ့ မဆိုင်သလို မကြားသလို လုပ်ပြီး သူမဆိုင်ရှေ့မှာ မှ.. ၀ယ်စရာတွေ့တဲ့ ပုံစံမျိုးနဲ့ ခါးကြားက ကျွတ်ကျွတ်အိတ် ထုတ်တယ်..။ နောက် သူမနဲ့ ကျွန်တော် အရောင်းအ၀ယ်စကား အခုလို ပြောဖြစ်ကြတယ်..။

'' အကို .. ဘာလိုချင်လို့လဲ ကြည့်လေ.. ''

'' လိုချင်တာ လိုက်ကြည့်နေတာ အခုမှပဲ တွေ့တယ် ''

'' .. .. .. .. .. .. ''

'' ဒီခရမ်းသီးလေးတွေက ပိန်လိုက်တာ နေမကောင်းဘူးနဲ့ တူတယ် ''

'' ခစ်ခစ်ခစ်.. နေမကောင်းလို့ မဟုတ်ပါဘူးအကိုရယ်.. အဆီချထားလို့ ပိန်သယောင် ထင်ရတာပါ ''

'' အော်.. ညီမလိုပေါ့.. ဘယ်လိုရောင်းလဲ ''

'' ခစ်ခစ်ခစ်.. ကြိုက်တာယူ တစ်ပုံ ငါးကျပ် ''

'' ကြိုက်တာယူရမှာလား.. ''

'' အင်း ''
'' ဒီကျွတ်ကျွတ်အိတ်နဲ့ မဆန့်လောက်ဘူး ''

'' အကိုက ဘယ်လောက်တောင် ၀ယ်မှာမို့လဲ ''

'' တစ်ဆိုင်လုံး ''

'' တစ်ဆိုင်လုံး ချိန်ရောင်းဖို့ ချိန်ခွင်မရှိဘူး ''

'' နှလုံးသားနဲ့ ချိန်မှာပေါ့ ''

'' .. ရှင် .. ''

'' စတာပါ.. ပျော်စေပျက်စေပေါ့ ဟဲဟဲ ''

'' ခစ်ခစ်ခစ် ရပါတယ် ''

'' ရော့ ခရမ်းသီးဖိုး ငါးကျပ် ''

'' အကို့ ငါးကျပ်တန်က ဒုက္ခိတ ငါးကျပ်တန်ကြီး.. လဲပေး ''

'' နေမကောင်းတဲ့ ခရမ်းသီးကို ဒုက္ခိတငါးကျပ်တန်နဲ့ ၀ယ်သလိုဖြစ်သွားခဲ့ရင် ဆောရီးပါ ''

'' ခစ်ခစ်ခစ် အကိုက သိပ်နောက်တာပဲ ''


အဲဒီလိုနဲ့ ဈေးကပြန် ၀ယ်ခြမ်းလာတာလေးတွေကို သူငယ်ချင်းနှစ်ယောက် ချက်ပြုတ်စားသောက်ကြတယ်..။ မီးသွေးမီးဖိုလေးကို အဆောင်ဘေး အဖီနားမှာ ချပြီး ချက်ကြရတယ်..။ ကျွန်တော်တို့ ချက်ပြုတ်နေတဲ့ နေရာနဲ့ မလှမ်းမကမ်းမှာ အဆောင်ပိုင်ရှင် အဘိုးကြီးရဲ့ ၀က်ခြံရှိတယ်..။

ကျွန်တော်တို့ ချက်ပြုတ်နေတာကို အဲဒီ အဘိုးကြီးက လာပြီး စပ်စုလေ့ရှိတယ်..။ အဲဒီအဘိုးကြီးက ခွတီးခွကျရယ်..။ စကားပြောတော့လဲ တုတ်ထိုးအိုးပေါက်..။ တစ်ရက် သူငယ်ချင်းနှစ်ယောက် ကန်စွန်းရွက် ကြော်စားမလို့ ၀ယ်လာတဲ့ ကန်စွန်းရွက်ကို ဆိတ်ဖဲ့သင်နေတုံး အဘိုးကြီးက သူ့ဝက်ခြံထဲမှာ ကန်စွန်းရွက်ကို ဓါးနဲ့ နုတ်နုတ်စဉ်းနေတယ်..။ ကန်စွန်းရွက်ကြော်ကို ကျွန်တော် တော်တော်ကြိုက်ပါတယ်..။ သို့သော် ကိုယ်မြိန်ရေယှက်ရေ စားမယ့် ကန်စွန်းရွက်ကို တခြားတယောက်က ၀က်ကြွေးဖို့ လုပ်နေလေတော့ စိတ်ထဲမှာ ကသိကအောင့်ပေါ့..။

သူငယ်ချင်းနှစ်ယောက် မသိချင်ယောင်ဆောင်ပြီး ကြော်စရာရှိတာ ကြော်ကြတယ်..။ ဒါပေမယ့် အဘိုးကြီးက '' ကောင်လေးတွေ ကန်စွန်းရွက်လိုချင် ဒီကယူနော် '' ဆိုပြီး သူ့ဝက်စာထဲက ခွဲပေးဖို့ လောကွတ်လှမ်းချော်တော့ မသိချင်ယောင် ဆောင်လို့ လဲ မရတော့ဘူး..။

''နေပါစေ လေးလေးရာ.. အများကြီးဝယ်လာတာ.. လေးလေးကိုတောင် ကြော်ပြီး တ၀က်ခွဲပေးဖို့ သူငယ်ချင်းနှစ်ယောက် စိတ်ကူးထားသေးတယ် '' လို့ အောင့်သက်သက်နဲ့ ပြန်ပြောလိုက်တယ်..။ ဒါတောင်မှ .. '' ငါက ကန်စွန်းရွက်ကို ၀က်ပဲ ကြွေးတာကွ.. မင်းတို့မှာ ပိုရင် မကြော်ဘဲ ဘေးဖယ်ထားပါ.. ငါ့ဝက်တွေ ကြွေးရတာပေါ့ '' လို့ သူက မထိတထိ ပြန်ပြောတယ်..။ ကျွန်တော်တို့ နှစ်ယောက်လဲ .. တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး .. ဆက်မပြောရဲတော့ဘူး..။

ဆက်ပြောရင်လဲ သူ့ဝက်ခြံထဲက ၀က်တွေနဲ့ တတန်းတည်းဖြစ်ဖို့ပဲ ရှိတော့တာကိုး..။

အဲဒီအဘိုးကြီးက အဲဒီလိုမျိုးရယ်..။

မှတ်မှတ်ရရ ကျွန်တော်တို့နှစ်ယောက် သူနဲ့ ပြဿနာ အကြီးအကျယ်တက်သေးတယ်..။ အဲဒီနေ့ညက ကျွန်တော်တို့နှစ်ယောက်ကို အဆောင်ပေါ်ကနှင်ချတဲ့ အထိ သူစိတ်ဆိုးသွားတယ်..။

အတော့်ကို တောင်းပန်မှ .. အင်တင်တင်နဲ့ သူလက်ခံသွားခဲ့လို့ အဆောင်က မဆင်းရတာ..။ ဖြစ်ပုံက ဒီလို..။

သူက တနိုင်ငံလုံး အတိုင်းအတာအထိ ကျယ်ဝန်းတဲ့ ခြင်္သေ့ရုပ်အထိမ်းအမှတ်ရှိတဲ့ အသင်းကြီး ရဲ့ ကိုယ်စားလှယ်..။ ရပ်ကွက်ကိုယ်စားလှယ်ပေါ့..။ ညညဆို.. သူ့ဘော်ဒါနဲ့ အသင်းကြီးအကြောင်းကို အာပေါင် အာရင်းသန်သန်နဲ့ အဆောင်ရှေ့ ကွပ်ပျစ်မှာ ရေနွေးကြမ်းသောက်ရင်း ပြောလေ့ရှိတယ်..။

ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက်က ဘာရယ်မဟုတ် သူတို့စကားဝိုင်းနား သွားသွား ထိုင်နားထောင် လေ့ရှိတယ်..။ တစ်ရက်ကျတော့ ကျွန်တော့်သူငယ်ချင်းက အဘိုးကြီးကို စကားဝင်ထောက်တယ်..။ ပျော်စေပျက်စေ နောက်လိုက်တာပဲ..။ ဒါပေမယ့် အဘိုးကြီးက အတော့်ကို ဒေါသပုန်ထပြီး ပေါက်ကွဲတော့တာပဲ..။

တခါတည်း ရဲစခန်းလိုက်ခဲ့.. လို့ ခေါ်တဲ့ အထိ ပုဒ်မက ကြီးသွားခဲ့တယ်..။

သူက သူ့ဘော်ဒါကို အသင်းကြီးရဲ့ ရှေ့ရေးက ဘယ်လိုဘယ်ပုံလို့ အားပါးတရ ပြောနေချိန်မှာ ကျွန်တော့်သူငယ်ချင်းက..

'' လေးလေး .. လေးလေး.. လေးလေးတို့ ဖွံ့ထွားရေးနဲ့ တုတ်ခိုင်ရေး အသင်းကြီးထဲ ကျွန်တော်ဝင်ချင်တယ် '' လို့ သွားပြောမိလို့ပဲ..။

နောက် သိပ်မကြာဘူး သူငယ်ချင်းက သင်္ဘောတက်သွားတယ်..။ ကျွန်တော်လည်း ရန်ကုန်မြေကို နှုတ်ဆက်ခွဲခွါပြီး ရွာပြန်ခဲ့တော့တယ်..။ ရွာကတော့ ဘာမှမပြောင်းလဲ..။ အိမ်ဘေးဘုန်းကြီးကျောင်းက မန်ကြီးပင်တွေက နုဆဲ..။ ရွာလည်လမ်းမကြီးက ဖုံတထောင်းထောင်းထဆဲ..။ ရွာသူလေးတွေက ညနေညနေ မြစ်ကြီး ဧရာဝတီမှာ ရေခပ်ဆင်းဆဲ..။ ကျွန်တော်တို့လို ကာလသားများကလည်း သူတို့လေးတွေ ရေခပ်ဆင်းအလာကို မြစ်ကမ်းပါး သဲသောင်ပြင်မှာထိုင်ငမ်းဆဲ..။

ကျွန်တော်လည်း ထုံးစံအတိုင်း ကျုရှင်ဆရာပြန်လုပ်ဆဲ ပေါ့..။

Sunday, August 10, 2008

17.1 ချစ်ချစ် တံငါတံငါ

အမှတ်တရ အဖြစ်ဆုံးကတော့.. '' တံငါသည် နဲ့ တံခါးမှုး '' တခန်းရပ်ပြဇာတ်ပဲ..။ ဟင်းခွက်သုံးရာ ပြည့်မှ.. စားတော်တည်တဲ့ နရသီဟပတေ့ ( တရုတ်ပြေးမင်း ထင်တာပဲ ) အကြောင်းထဲက.. လိုနေတဲ့ ငါးဟင်းအတွက်.. လာဆက်တဲ့ တံငါသည်ကို တံခါးမှုးက.. ဆုတော်ငွေ တ၀က်တောင်းတဲ့ အကြောင်းအရာကို ကတဲ့ပြဇာတ်ပေါ့..။ ကျွန်တော်တို့ သုံးတန်းလောက်က သင်ရတယ် ထင်တာပဲ..။

ပြဇာတ်ထဲက.. ဘုရင်ကြီးအဖြစ် ကျွန်တော် သရုပ်ဆောင်တယ်..။ တံခါးမှုး အဖြစ်.. မင်းသိန်းက သရုပ်ဆောင်တယ်..။ ဆရာဦးမြင့်ဆွေက.. ဇာတ်ညွှန်းရေးပြီး ဒါရိုက်တာလုပ်တယ်..။ ဒါပေမယ့် တံငါသည် လုပ်မယ့်သူ မရှိလို့ အတော်လေး ဒုက္ခရောက်ကြသေးတယ်..။

တတန်းဝင်တတန်းထွက်.. တံငါသည် အဖြစ် သရုပ်ဆောင်မယ့်သူကို.. ဆရာကိုယ်တိုင် လိုက်ရှာတယ်..။ ယောက်ျားလေးတွေ.. တစ်ယောက်မှ.. တံငါသည် မလုပ်ချင်ကြဘူး..။ ကျွန်တော်တို့လောက် မျက်နှာမပြောင်ရဲတာလဲ ပါမှာပေါ့လေ..။ ပေါက်တတ်ကရ လုပ်ဖော်လုပ်ဖက်.. မျိုးသန့်ကတောင်.. တံငါသည်တော့ မလုပ်ချင်ဘူးလို့ အတင်းငြင်းတယ်..။

နောက်ဆုံး.. တံငါသည်..လုပ်မယ့်သူ မရှိတာနဲ့ ပြဇာတ်က.. ပျက်တော့မလိုတောင် ဖြစ်နေခဲ့တယ်..။ ကံကောင်းချင်တော့.. မြမြ၀င်း လို့ခေါ်တဲ့.. ကျောင်းသူတစ်ယောက်က.. ဘယ်သူမှ လုပ်မယ့်သူ မရှိရင်.. သူလုပ်ပါ့မယ် ဆိုပြီး ဘော်လန်တီယာ အဆိုပြုတယ်..။ ဆရာဦးမြင့်ဆွေလဲ အဲဒီတော့မှ သက်ပြင်းချနိုင်တော့တယ်..။

မြမြ၀င်းက.. ခရစ်ဆယာန်..။ အတန်းထဲက..ကျန်တဲ့ ကျောင်းသူတွေနဲ့ စာရင်.. သွက်သွက်လက်လက်.. ရဲရဲတင်းတင်းရှိတယ်..။ ကိုယ်လုံးကိုယ်ပေါက်က အတော်လှတယ်..။ မျက်နှာလေးက.. ကလေးလေးနဲ့ တူတယ်..။ ကျွန်တော်တို့က ကွယ်ရာမှာ..သူ့ကို '' မျက်နှာက မူကြို ဖင်က တက္ကသိုလ် '' ဆိုပြီး စလေ့ရှိတယ်..။

အဲဒီတုံးက.. ချစ်သည်းဦး ခင်ထွေးရီက.. ဆယ်တန်းအောင်ပြီး မန္တလေး ရွှေမြို့တော်ကြီးဆီ နှုတ်ဆက်ထွက်ခွါသွားတဲ့.. အခါသမယ ဆိုတော့.. ကျွန်တော့်မှာ.. ရည်းစားလက်မဲ့ ဘ၀ကို ခက်ခဲကြမ်းတမ်းစွာ ကျော်ဖြတ်နေရတဲ့ နေ့ရက်များပေါ့..။

လိုရင်းပြောရရင်.. မြမြ၀င်းကို ကျွန်တော် အီစီကလီ လုပ်နေမိတယ်..။ ခင်ထွေးရီနဲ့ ကျွန်တော့်ဇာတ်လမ်း က ရပ်ကျော်ရွာကျော်ဆိုတော့.. မြမြ၀င်းက.. ကျွန်တော့်ကို.. ဘယ်အကပ်ခံမလဲ..။ ဒါပေမယ့် ကျွန်တော်ကတော့ ဗဒင် သီချင်းထဲကလို.. '' မြဲမြဲခိုင်တဲ့ ကျောက်ရုပ်တောင်မှ.. တွန်းတိုက်ပါများ နဲ့နဲ့ လို့ လာတယ်.. '' ဆိုတဲ့ ထုံး နှလုံးမူပြီး.. တတ်သမျ.. မဟာဗျူဟာတွေနဲ့ ဆက်လက် လှုပ်ရှားနေတာပေါ့..။

အတန်းထဲက.. ကျောင်းသားတွေကတော့.. ကျွန်တော် မြမြ၀င်းကို အပျော် စနောက်နေတယ်လို့ ထင်ကြတယ်..။ အဲဒီလို ထင်တာလည်း ခပ်ကောင်းကောင်းဆိုတော့.. ကျွန်တော်လည်း.. ချော်လဲရောထိုင် လုပ်နေမိတယ်..။

ပွဲကဖို့ နီးလာတော့.. ဆရာဦးမြင့်ဆွေရဲ့ အိမ်မှာ..ကျွန်တော်တို့ ဇာတ်တိုက်ကြတယ်..။ အဲဒီနေ့ရက်များဟာ.. အတော်ပျော်ဖို့ ကောင်းခဲ့ပါတယ်..။ ဆရာက လူပျိုကြီး..။ ဇာတိက.. သဲတောဝမ်းတွင်းဖက်က ဆိုတော့.. ရွာမှာ.. အိမ်ငှားနေတယ်..။

သူ့အိမ်မှာ.. ညဆို.. ကျွန်တော်တို့အဖွဲ့တွေနဲ့ စည်ကားနေတယ်..။

ကုလားထိုင် တစ်လုံးပေါ် တင်ပလင်ခွေ သံလျက်ကိုလက်ထဲက ကိုင်ပြီး ရာဇမာန်အပြည့်နဲ့ ကျွန်တော်ထိုင်နေတဲ့ အချိန်.. မြမြ၀င်းက..ငါးရုပ်ကြီးထမ်းပြီး ၀င်လာတယ်..။ တဆက်တည်း လက်ထဲက သံလျက်ကို လေထဲမြောက်ပြီး.. '' ငါးကြင်းကောင်ကြီးကို ထမ်းလို့လာတာ.. အိုဘယ့်တံငါ တံငါ '' နဲ့ ကျွန်တော်ပြောရတယ်..။

'' ငါ ကိုယ်တော်မြတ်.. ငါးကြင်းမကြိုက်တော့ဘဲ.. တံငါသည်ကိုပဲ စုံမက်တော်မူတယ်ဗျား.. '' လို့ ကျွန်တော်က ဆက်ပြောတော့.. '' ဟေ့ကောင်.. ပေါက်ကရ မပြောနဲ့ '' လို့.. ဆရာက မာန်တယ်..။ မြမြ၀င်းကတော့.. မျက်စောင်းလှမ်းထိုးတယ်..။ ကျွန်တော်ကတော့.. စပ်ဖြဲဖြဲ ပေါ့..။

အဲဒီလိုနဲ့ ကျောင်းကပွဲရက် ရောက်လာခဲ့တယ်..။

ဇာတ်ရုပ်နဲ့လိုက်အောင်.. ကျွန်တော့်မှာ.. နှုတ်ခမ်းမွှေးထူထူဆွဲ..။ ခေါင်းပေါ်မှာလဲ.. ဘုရင် အဆောင်အယောင်တွေ ဆောင်း..။ လက်ထဲမှာ.. စီးကရက်ကုလားရွှေစပတ်ထားတဲ့ သံလျက်ကြီး ကိုင်လို့ပေါ့..။

ပွဲကြည့်ပုရိတ်သတ်ကတော့.. လူစုံတက်စုံပဲ..။ ဆရာကြီးကအစ.. ကျောင်းသန့်ရှင်းရေးလုပ်တဲ့ ဘိုးမှတ်ကြီးအထိ လာအားပေးကြတယ်..။

ဇာတ်တိုက်ထားတဲ့အတိုင်း.. အားလုံး အေးအေးဆေးဆေး ပါပဲ..။ ပုရိတ်သတ်ကတော့.. ကျွန်တော်တို့ကို မြင်တာနဲ့ ရယ်နေကြတယ်..။ ကျောပေါ်မှာ ငါးရုပ်ကြီးထမ်းပြီး မြမြ၀င်း စင်ပေါ်တက်လာတယ်..။ ကတ္တီပါစ ဖုံးထားတဲ့ ထင်းရှုးသေတ္တာပေါ်မှာ.. ခန့်ခန့်ကြီး ကျွန်တော် ထိုင်နေရင်း မြမြ၀င်းကို မြင်တာနဲ့..

'' ငါးကြင်းကောင်ကြီးကို ထမ်းလို့ လာတာ.. ချစ်ချစ် တံငါ တံငါ '' .. လို့ ကျွန်တော် လည်း မြမြ၀င်းကို စချင်တာနဲ့.. အော်လိုက်တယ်..။

ပုရိတ်သတ်တွေ.. နှစ်စက္ကန့်လောက် ငြိမ်သွားတယ်..။ နောက်မှ.. ဝေါကနဲ ရယ်သံထွက်လာတယ်..။ ငါးရုပ်ကြီးကို ပစ်ချပြီး.. အင့်ကနဲ ရှိုက်ရင်း မြမြ၀င်း စင်ပေါ်က ဆင်းပြေးသွားတယ်..။ ဆရာဦးမြင့်ဆွေက.. လက်သီးဆုပ်ပြီး စင်ပေါ်တက်လာတယ်..။

အဲဒီလိုနဲ့.. ကျွန်တော်တို့ရဲ့ တခန်းရပ်ပြဇာတ်က.. တခန်းရပ်သွားခဲ့ရတယ်..။ နောက်ရက်မှာ.. ဟင်းခွက် သုံးရာပြည့်မှ.. ပွဲတော်တည်လေ့ရှိတဲ့ ရှင်ဘုရင်ကြီးခမျာ.. တံငါသည်ရှေ့မှောက် ဒူးထောက်ခစား တောင်းပန်ခဲ့ရပါတော့တယ်..။

ဒါပေမယ့် ကျွန်တော်တို့နှစ်ယောက်ရဲ့ ရေစက်က မကုန်ဘူး..။ ကျန်စစ်သား ဘုရင့်နောင် အလောင်းဘုရား ဗန္ဓုလ အစရှိတဲ့ အသင်းတွေ ခွဲတော့.. အလောင်းဘုရားအသင်းမှာ.. နှစ်ယောက်သား အတူကျတယ်..။ အတန်းသားတွေက..ကျွန်တော့်ကို အသင်းခေါင်းဆောင် တင်တယ်..။ ဒုတိယခေါင်းဆောင်အနေနဲ့.. မြမြ၀င်းကို ၀ိုင်း အဆိုပြုကြတယ်..။ သိပ်လက်ခံချင်ပုံမရပေမယ့်.. အားလုံးက.. ၀ိုင်းတွန်းတာနဲ့ မြမြ၀င်း လက်ခံလိုက်ရတယ်..။

နောက်တော့ တကျောင်းလုံး အသင်းခေါင်းဆောင်တွေ ပြန်ရွေးရပြန်တယ်..။ တခြားအတန်းက.. အလောင်းဘုရားအသင်းခေါင်းဆောင် တွေထဲက.. တစ်ယောက်ကို.. တကျောင်းလုံးရဲ့ အသင်းခေါင်းဆောင်အဖြစ် ပြန်ရွေးတာပဲ..။ အတန်းစုံက.. ခေါင်းဆောင်တွေကြား ပြန်ရွေးတာတော့ မဟုတ်ပါဘူး..။ ဆယ်တန်း တန်းခွဲတွေကြားက အသင်းခေါင်းဆောင်တွေကြား ပြန်ရွေးတာပဲ..။ အဲဒီထဲက.. ထွက်လာတဲ့ ခေါင်းဆောင်ဟာ.. တကျောင်းလုံးရဲ့ အသင်းခေါင်းဆောင် အော်တိုမက်တစ်ဖြစ်သွားတယ်..။

တခန်းရပ်ပြဇာတ်ကတဲ့.. ဟောခန်းကြီးထဲမှာ.. ဆယ်တန်းကျောင်းသားကျောင်းသူ အားလုံး စုပြီး ရွေးကောက်ပွဲလို ဆန္ဒမဲပေး ကြရတယ်..။ ကျွန်တော့်လို ကိုယ်စားလှယ်လောင်းတွေက.. ရှေ့မှာ မတ်တပ်ရပ်နေကြရတယ်..။

ကျွန်တော့်ကို ထောက်ခံတဲ့သူတွေ မတ်တပ်ရပ်ကြ လို့ ဆရာက ပြောပြီး မတ်တပ်ရပ်တဲ့ လူအရေအတွက်ကို ရေပြီးမှတ်တယ်..။ ကျန်တဲ့သူတွေလဲ အလားတူ လုပ်ပြီး.. ထောက်ခံမဲ အများဆုံးရတဲ့ ငနဲက.. တကျောင်းလုံးရဲ့ အသင်းခေါင်းဆောင် ဖြစ်သွားတယ်..။ အသင်းလေးသင်းရှိတာဆိုတော့.. အသင်းခေါင်းဆောင် လေးယောက်ပေါ့..။

လုပ်ရည်ကိုင်ရည်.. ခေါင်းဆောင်နိုင်စွမ်း စတာတွေကြည့်ပြီး မဲပေးတာထက်.. ခင်ရာခင်ရာ ထပြီး မဲပေးကြတာပဲ..။ သိတယ်မဟုတ်လား..။ ကျွန်တော်က.. ပွကြီး ဆိုတော့.. တကျောင်းလုံးရဲ့ အလောင်းဘုရား အသင်းခေါင်ဆောင် ဖြစ်သွားခဲ့တယ်..။
အသင်းလှုပ်ရှားမှု အနေနဲ့ကတော့.. ကျောင်းသန့်ရှင်းရေး မှာ..အသင်းလိုက် တာဝန်ယူ လုပ်ကြရတယ်။ ၀ါဆိုဝါခေါင် ရေတွေကြီးတော့.. အသင်းလေးသင်း လှေပြိုင်ပွဲလုပ်တယ်..။ ဆရာကန်တော့ပွဲအတွက်.. အသင်းလိုက် ပိုက်ဆံကောက်ကြရတယ်..။ ဒီလောက်ပါပဲ..။

Saturday, August 9, 2008

17.2 ဆရာကန်တော့ပွဲက ငွေ၅၀

ဆရာကန်တော့ပွဲ ဆိုလို့ ပြောရဦးမယ်..။

ဆရာကန်တော့ပွဲ အတွက် ကောက်ရတဲ့ ပိုက်ဆံကို.. အသင်းခေါင်းဆောင်ဖြစ်တဲ့ ကျွန်တော်သိမ်းထား ရတယ်။ ဘယ်နေ့နောက်ဆုံးလို့ သတ်မှတ်ပြီးကောက်တာမို့.. နောက်ဆုံးနေ့မတိုင်မချင်း.. အဲဒီပိုက်ဆံတွေက.. ကျွန်တော့်ဆီမှာ ထားရတယ်..။ ပြဿနာက အဲဒီမှာ.. စတာပဲ..။


စာရင်းချုပ်ပြီး ပိုက်ဆံတွေ ပြန်အပ်ရတော့မယ့် နေ့မတိုင်မှီ.. နှစ်ရက်လောက်အလိုမှာ.. ကျွန်တော် ပြဿနာအကြီးအကျယ်တက်တော့တယ်..။ အိမ်ရဲ့ စားဝတ်နေရေးအတွက်.. ကန်တော့ပွဲပိုက်ဆံ ထဲက.. ငွေငါးဆယ်.. ကျွန်တော်သုံးလိုက်မိတယ်..။

မှတ်မှတ်ရရ.. အဲဒီတုံးက..အဖေက.. အဝေးမှာ.. ။ လုံခြုံရေးအတော်တင်းကျပ်တဲ့.. အဝေးကြီးမှာ.. အဖေ နေနေရတဲ့ အချိန်.. အမေကလည်း.. ခရီးထွက်သွားတော့.. အိမ်မှာ.. ကျွန်တော်တို့ မောင်နှမ တတွေပဲ ကျန်ခဲ့တယ်..။ ခရီးမထွက်ခင်.. အမေကတော့.. တတ်နိုင်သမျ စီစဉ်ပေးခဲ့ပါတယ်..။ ဒါပေမယ့်.. ပြန်လာမယ့်ရက်မှာ.. အမေပြန်မလာတော့..ကျွန်တော်တို့မောင်နှမတတွေလဲ.. နောင်ခါလာနောင်ခါဈေး သဘောထားပြီး ဆရာကန်တော့ပွဲ ပိုက်ဆံ ယူသုံးရတဲ့အဖြစ် ရောက်တော့တာပဲ..။

ကျွန်တော် ပိုက်ဆံပြန်အပ်ဖို့.. အခက်အခဲ ရှိနေတာကို.. မြမြ၀င်းက.. ရိပ်မိတယ်..။ ပိုက်ဆံကိစ္စ သူ စကားစတိုင်း ကျွန်တော် ရူးချင်ယောင်ဆောင်နေတာကို.. တစ်ခါလဲမဟုတ်တော့.. သူရိပ်မိသွားဟန် တူပါတယ်..။

ငွေငါးဆယ်ဆိုတာ.. ၁၉၈ရ ခုနှစ်လောက်က.. တချို့တချို့အတွက်.. လောက်လောက်လားလား ပမာဏ မဟုတ်ပေမယ့်.. ကျွန်တော့်အတွက်ကတော့.. အသက်တမျပဲ လို့ ဆိုရမှာပဲ..။ အဲဒီတုံးက ဆန်တပြည်မှ တစ်ဆယ်တောင် မပေးရတဲ့ အချိန်..။

တစ်ရက်ကျောင်းအဆင်းမှာ.. မြမြ၀င်းက.. ကျွန်တော့်ကို စောင့်ပြီး ဆရာကန်တော့ပွဲပိုက်ဆံ နင်ယူသုံးထားတယ် မဟုတ်လား လို့ မေးတယ်..။ မဟုတ်ပါဘူးဟာ.. လို့ မျက်စိမျက်နှာ ပျက်ပျက်နဲ့ ကျွန်တော် ပြန်ပြောတော့.. '' နင်..ငါ့ကို မလိမ်နဲ့ .. နင်လုပ်တာနဲ့ ငါတို့ပါ ရောပြီး နာမည်ပျက်တော့မယ်.. အမှန်အတိုင်းပြော.. ဖြေရှင်း နိုင်ရင်လည်း.. ၀ိုင်းပြီး ဖြေရှင်းကြရအောင် '' လို့ ဆက်ပြောတယ်..။

ကျွန်တော်မကြာခန မက်မက်မောမော ခိုးခိုးကြည့်ခဲ့ရတဲ့ သူမရဲ့ မျက်ဝန်းနက်ကလေးတွေကို.. မ၀ံ့မရဲ ကြည့်ရင်း ရှက်ရွံ့အားငယ်မှု အပြည့်နဲ့ .. '' ငါးဆယ်ထဲ ယူသုံးထားတာပါဟာ '' လို့ ကျွန်တော်လည်း ပြောလိုက် ရော.. '' ဟယ်.. နင် ဘာတွေ လျောက်သုံးပစ်လိုက်တာလဲ.. ငါးဆယ်ကြီးများတောင် '' လို့ အံ့သြတကြီးနဲ့.. တခါမှ မမြင်ဖူးတဲ့ သတ္တ၀ါတကောင်ကို ကြည့်သလိုမျိုး သူမကြည့်နေခဲ့တယ်..။

''တခြားဟာတွေ ငါလျောက်သုံးပစ်တာ မဟုတ်ပါဘူးဟာ.. အိမ်ဈေးဖိုးလိုလို့.. သုံးလိုက်မိတာပါ.. အမေကလည်း.. ပြန်လာမယ့်ရက် ရောက်မလာလို့ အခက်အခဲ ဖြစ်နေတာ ..'' လို့ ကျွန်တော်ပြောတော့.

'' ငါ သေချင်တယ် '' လို့ မပွင့်တပွင့် သူမငြီးတယ်..။


စိတ်မညစ်ပါနဲ့ဟာ.. မနက်ဖန်တော့ အမေပြန်ရောက်မယ်ထင်ပါတယ် .. ပြန်ကြရအောင် လို့.. ကျွန်တော် ပြောပြောဆိုဆို.. ခြေလှမ်းစတော့.. ကျွန်တော့်နောက်က ခေါင်းငိုက်စိုက်ချပြီး မြမြ၀င်း လိုက်လာခဲ့တယ်..။

သူတို့အိမ်နားရောက်တော့.. ကျွန်တော့်နာမည်ကို.. ခပ်တိုးတိုးသူမခေါ်တယ်..။ ကျွန်တော်လှည့်အကြည့်မှာ.. '' ငါစုထားတဲ့ ပိုက်ဆံအစိတ် ရှိတယ်.. မနက်ဖန် ယူလာခဲ့မယ်.. ကျန်တာတော့ နင့်ဖာသာရှာ '' လို့ ပြောပြီး သူမလှည့်ထွက်သွားတယ်..။

အဲဒီနေ့ညက..ကျွန်တော်အိပ်မပျော်ဘူး..။ နောက်တနေ့မနက်အစောကြီးမှာ သဘောင်္ဆိပ် ကို ကျွန်တော် ရောက်နေခဲ့တယ်..။ အမေပြန်လာလို ပြန်လာငြား ဆိုတဲ့ မျော်လင့်ချက်နဲ့ပေါ့..။ ဆိပ်ကမ်းက.. ချောက်ကမ်းပါးပေါ်မှာ.. ခြေပစ်လက်ပစ်ထိုင်ပြီး.. ဧရာဝတီမြစ်ရဲ့ မြစ်ညာဖက်ဆီ.. ကျွန်တော် မမှိတ်မသုန် ထိုင်ကြည့်နေခဲ့တယ်..။

အမေသာ ရောက်မလာခဲ့ရင်.. ငါဘယ်လိုလုပ်ရပါ့လို့ တွေးရင်း မြေကျစ်စာခဲတွေကို ရေထဲ ရည်ရွယ်ချက်မဲ့ လှမ်းလှမ်းပစ်နေမိတယ်..။ တဖြည်းဖြည်းနဲ့ ကျောင်းတက်ချိန် နီးလာခဲ့တယ်..။ သင်္ဘောက ပုံမှန်ဆို.. မနက် ခြောက်နာရီခွဲ ခုနှစ်နာရီဆို ဆိုက်ပြီ..။ အဲဒီနေ့မှ.. ရှစ်နာရီထိုးပြီးတဲ့ အထိ.. မီးခိုးတန်းတောင် မမြင်ရသေးဘူး..။

သင်္ဘောလာအုံးတော့.. အမေက ပါချင်မှ ပါလာမှာလို့.. တွေးမိပြန်တယ်..။ အမေပါလာအုံးတော့.. ပိုက်ဆံက..ပါချင်မှ ပါလာမှာ လို့ ဆက်တွေးရင်း.. မွန်းကျပ်လာတယ်..။ ကိုယ့်ကိုယ်ကိုယ် သတ်သေကြတယ် ဆိုတာ.. ဒီလိုမျိုးတွေကြောင့်လားလို့တောင် မဆီမဆိုင် တွေးရင်း ချောက်ကမ်းပါး အောက်က မြစ်ထဲ စိတ်ကူးနဲ့ ခုန်ချနေမိတယ်..။

ကိုးနာရီထိုးခါနီးမှာတော့.. ခပ်လှမ်းလှမ်းရှင်မတောင်အခြေ မြစ်ညာဖက်မှာ.. မီးခိုးတန်း လေးတစ်ခု မှုန်ပျပျ စမြင်ရတယ်..။ ထခုန်မိမတတ်.. ပျော်လိုက်တာ..။ ဘုရားသကြားမလို့.. ကူးတို့သင်္ဘောဖြစ်ပါစေ.. ရေနံတင်သင်္ဘောမဖြစ်ပါစေနဲ့ လို့.. ဆုတောင်းရင်း.. မီးခိုးတန်းကို.. ကသိုဏ်းရှုသလို.. မျက်ချေမပြတ် ကြည့်နေမိတယ်..။

တဖြည်းဖြည်းနဲ့ နီးလာတော့မှ.. ကူးတို့သင်္ဘောမှန်း သေချာသွားတယ်..။ သင်္ဘော ဥသြသံနဲ့ အပြိုင်.. ကျွန်တော်နှလုံးသားက လှုပ်ရှားနေခဲ့တယ်..။ သင်္ဘောကမ်းကပ်ပြီး..ကုန်းဘောင် ထိုးတော့.. ခရီးသည်တွေ ပြုံဆင်းလာကြတယ်..။ တစ်ယောက်နှစ်ယောက် သုံးယောက်.. အမေ့ကို မတွေ့..။ ကုန်းဘောင်ပေါ်က အဆင်း ခရီးသည် ကုန်ခါနီးမှာ.. အမေ့ကို.. မြင်လိုက်ရတယ်..။

ဘ၀ရဲ့ စိတ်လှုပ်ရှားဖွယ် အကောင်းဆုံး အခိုက်အတန့်ပါပဲ..။ အမေ .. လို့ ၀မ်းသာအားရ အော်ပြီး ကျွန်တော်ပြေးဆင်းသွားခဲ့တယ်..။ အမေ့လက်ထဲက.. ခြင်းကို တုန်တုန်ရီရီနဲ့ ကျွန်တော်လှမ်းဆွဲရင်း အမေ့မှာ ပိုက်ဆံပါလား လို့ တတွတ်တွတ် ကျွန်တော်မေးနေခဲ့တယ်..။

ဒီကောင်လေး ဘာဖြစ်နေတာလဲ လို့.. အမေးအပြောကို.. ဂရုမစိုက်ဘဲ.. ပိုက်ဆံပါရင်.. ငါးဆယ် ပေးစမ်းပါ.. အရေးကြီးလို့..လို့ ကျွန်တော်ပြောတော့.. အမေလည်း အူကြောင်ကြောင်နဲ့.. ငါးဆယ် ထုတ်ပေးတယ်..။

အမေပေးတဲ့ ပိုက်ဆံကို.. ကျစ်ကျစ်ပါအောင်ဆုပ်ပြီး အမေ့ဖာသာ ဖြေးဖြေးလာခဲ့တော့ လို့ အော်ရင်း.. ကျောင်းဆီကို သုတ်ခြေတင် ခဲ့တော့တယ်..။ ချွေးသံတရွှဲရွှဲနဲ့ နောက်ကျပြီး ရောက်လာတဲ့ ကျွန်တော့်ကို ကျောင်းသားတွေက.. စပ်စုတဲ့ မျက်လုံးနဲ့ဆီးကြိုကြတယ်..။

ကျွန်တော့်မျက်ဝန်းထဲက.. ၀မ်းသာနေတဲ့ အရိပ်အယောင်ကို တွေ့တော့.. မြမြ၀င်း သက်ပြင်းချတယ်..။ မုန့်စားလွှတ်တဲ့အချိန်မှာ.. အမေပြန်ရောက်လို့ အဆင်ပြေသွားပြီ.. နင့်ဆီက.. ပိုက်ဆံမယူတော့ဘူး.. သိပ်ကျေးဇူးတင်တယ်ဟာ.. လို့ ကျွန်တော်ကပြောတော့.. '' နင် လုပ်လိုက်ရင် အသည်းအသန်ပဲ.. နောက်ကျလို့ ငါက စိုးရိမ်နေတာ.. လိုလိုမယ်မယ်.. ငါ့အမေ့ဆီကတောင် အစိတ်ယူခဲ့သေးတယ်.. '' လို့ သူမက ပြုံးရင်းပြန်ပြောတယ်..။


အဲဒီနေ့က..ကျွန်တော်တို့နှစ်ယောက်ရဲ့ အဖြစ်နောက်.. ဆယ်စုနှစ်တစ်ခုလောက်ကြာမှ ထူးအိမ်သင်ရဲ့ '' စကားလုံးမရှိတဲ့ ကောင်းကင် '' သီချင်း ပေါ်လာခဲ့တာပါ..။

Friday, August 8, 2008

17.3 တိတ်တခိုးအချစ်

အခက်အခဲကြားက.. တိုးထွက်လာခဲ့တဲ့ သံယောဇဉ်က.. ကျွန်တော်နဲ့ မြမြ၀င်းကို.. တန်ခိုးရှိတဲ့ တစ်စုံတစ်ရာဆီကို.. ရောက်သွားစေခဲ့တယ်..။ အဲဒီနောက်ပိုင်း.. ကျွန်တော့်ဘ၀ရဲ့ စိတ်ညစ်စရာ နဲ့ ပျော်ရွှင် ဖွယ်ရာတွေကို.. သူမ တ၀က် ခွဲခွဲ ပေးရတော့တယ်..။

ကျောင်းကို အတူလာတယ်..။ အပြန်မှာ.. အတူပြန်ကြတယ်..။ တရုတ်ပြေးမင်းနဲ့ တံငါသည်ရဲ့ သမိုင်းတောင် ပြင်ရေးရမလို ဖြစ်နေပြီလို့.. အတန်းဖော်တွေ မကြားတကြား စလောက်တဲ့ အထိ.. ကျွန်တော်တို့နှစ်ယောက် တတွဲတွဲပေါ့..။

အချစ်ဆိုတာ.. ဖွင့်ပြောစရာမလိုတဲ့ အရာတစ်ခုသာဆိုရင်.. သူမနဲ့ ကျွန်တော် ချစ်သူတွေ ဖြစ်နေခဲ့ ပြီလို့ ပြောနိုင်မှာပဲ..။ ဒါပေမယ့် လက်တွေ့လောကက အဲဒီလောက်အထိ မရိုးရှင်းခဲ့ပါဘူး..။

ကျွန်တော့်မှာလဲ.. ဆယ်တန်းတစ်နှစ်ကျထားတဲ့.. အရိပ်က.. နောက်ထပ် အတိမ်းအစောင်းကို ခွင့်မပြုတော့တဲ့ အနေအထား..။ ခင်ထွေးရီနဲ့ ဇာတ်လမ်းကလဲ.. လိပ်ခဲတည်းတည်း..။ မြမြ၀င်းအပေါ်မှာ တိမ်းညွှတ်နေတဲ့.. အချစ်စိတ်ကို တားဖို့ကလည်း မစွမ်း..။ ကြီးထွားဓါတ်မြေသြဇာ အကျွေးခံရတဲ့ ဆူးကြားက ဘူးသီးတစ်လုံးလို ကျွန်တော်ဖြစ်နေခဲ့တယ်..။

ဒါပေမယ့်.. အဓိပ္ပါယ်အပြည့်နဲ့ ကျောင်းဖွင့်ရက်များကို.. ကျွန်တော် အရင်ကထက် ပို ပိုင်ဆိုင်လာခဲ့တယ်။ ကျောင်းမသွားခင် ဖီးလိမ်းပြင်ဆင်ရတာလဲ အမောပဲ..။

အရိုးကွဲမတတ်အေးတဲ့ အညာဆောင်းတွင်းရဲ့ မနက်စောမှာတောင် ကျောင်းမသွားခင် ကျွန်တော်ရေထချိုး တယ်..။ ပြီး ညကတည်းက.. ခေါင်းအုံးအောက် ထားအိပ် ထားတဲ့.. အင်္ကျီနဲ့လုံချည်ကို ကျွန်တော် ထုတ်ဝတ်တယ်..။ (လျပ်စစ်မီးမရှိ.. မီးသွေးမီးပူမရှိတော့.. အင်္ကျီလုံချည်တွေကို သပ်သပ်ရပ်ရပ် ခေါက်ပြီး ခေါင်းအုံးအောက် ထားအိပ်ရတယ်.. အတော်အတန်တော့ ပြန့်ပြန့်ဆံ့ဆံ့ဖြစ်တယ်) တဆက်တည်း ခဲနေတဲ့ အုံးဆီကို တုတ်နဲ့ထိုးပြီး လိမ်းတယ်..။

နောက်ဆုံးအနေနဲ့.. လူပျိုဖြစ်နေပြီဆိုတာကို သက်သေပြနေတဲ့.. မျက်နှာပေါ်က.. အဖုအပိမ့်တချို့ကို သနပ်ခါး ဖို့ပြီးသကာလ အိမ်ကနေထွက်လာပြီး လမ်းတ၀က်မှာ စောင့်နေတဲ့ မြမြ၀င်းနဲ့ အတူ..ကျောင်း တော်ကြီးဆီ ချီတက်ခဲ့တော့တယ်..။

သနပ်ခါးလိမ်းတယ်ဆိုလို့ ပါးကွက်ကျားလောက်တဲ့အထိ လိမ်းတာတော့ မဟုတ်ပါဘူး..။ ခပ်ပါးပါးပေါ့..။ ဒါပေမယ့် တနင်္လာနဲ့ သောကြာနှစ်ရက်တော့ သနပ်ခါးမလိမ်းရဲဘူး..။ အဲဒီရက်တွေမှာ.. တကျောင်းလုံး အက်ဆင်ဘလီ လုပ်ရတယ်..။

ဆရာဦးအေးကြူဆိုတဲ့ လူပျိုကြီးက.. သနပ်ခါးလိမ်းလာတဲ့.. ကျောင်းသားတွေကို.. အက်ဆင်ဘလီမှာ ပြဿနာရှာလေ့ရှိတယ်..။ ဒိန်းဒလိန်းနတ်ဖမ်းစားမှုကြောင့်.. သနပ်ခါးပါးပါး လိမ်းလာမိတဲ့ကျွန်တော် အက်ဆင်ဘလီမှာ..အဲဒီဆရာသမားကြောင့် သောက်ရှက် အကြီးအကျယ်ကွဲဖူးတယ်..။

သနပ်ခါးလိမ်းလာတဲ့ ကျောင်းသားတွေ ရှေ့ထွက်ခဲ့လို့.. အဲဒီဆရာက တစ်ရက် ဘာစိတ်ကူးပေါက်လို့ရယ် မသိ.. ထလုပ်တယ်..။ အတန်းစုံက.. ကျောင်းသားတွေ.. အလျိုအလျိုနဲ့.. ရှေ့ထွက်ကြရတယ်..။ ကျွန်တော်ကတော့ ရှေ့မထွက်ဘဲ.. ကိုယ့်နေရာမှာပဲ.. ဟန်ကိုယ့်ဖို့လုပ်ပြီး.. ပေရပ်နေခဲ့တယ်..။

ဖြစ်ချင်တော့.. အဲဒီဆရာက.. တစ်ယောက်ခြင်း လိုက်ကြည့်တယ်..။ ကျွန်တော့်ကို တွေ့တော့ ဟေ့ကောင် သနပ်ခါးလိမ်းထားတဲ့ကောင်တွေ ရှေ့ထွက်ခဲ့လို့ ပြောနေတာ မကြားဖူးလားလို့ မျက်နှာထိမျက်နှာ ထားနဲ့ ပြောတယ်..။ ကျွန်တော်လည်း.. ထူပူပြီး ပြောမိပြောရာ.. '' ကျွန်တော်မှ.. သနပ်ခါးမလိမ်းတာ '' လို့ ပြန်ပြောမိတယ်..။

''အမ်မာ.. မင်းမျက်ခုံးမွှေးပေါ်က.. သနပ်ခါးမဟုတ်လို့ ဘာလဲ.. လိမ်ချင်သေးတယ်.. အခုထွက်ခဲ့ '' လို့ အော်ကြီးဟစ်ကျယ် လုပ်တော့တာပဲ..။ အက်ဆင်ဘလီမှာ ရှိရှိသမျ.. ဆရာကျောင်းသားအားလုံးက လည်း.. ကျွန်တော်တို့နှစ်ယောက်ကို ၀ိုင်းကြည့်နေကြတယ်..။

ကျွန်တော်လည်း ရှက်ရှက်နဲ့.. ''ကျွန်တော်လိမ်းထားတာ သနပ်ခါးမှ မဟုတ်တာ.. သီးခေါက်'' လို့ ပြောလိုက်မိတယ်..။ ရယ်လိုက်ကြတာ..။ မှုန်ကုတ်နေတဲ့ ဆရာ့မျက်နှာတောင် စပ်ဖြီးဖြီး ဖြစ်သွားတယ်..။ ဒါပေမယ့်.. '' ဟေ့ကောင် .. လျာမရှည်နဲ့ ..သီးခေါက်လိမ်းလာလဲ ရှေ့ထွက်ခဲ့ '' ဆိုတာနဲ့.. ကျွန်တော်လည်း.. ရှေ့ထွက်ခဲ့ရတယ်..။

နောက်တော့.. ရှေ့မှာရောက်နှင့်နေတဲ့.. ဘော်ဒါတွေနဲ့ ပေါင်းပြီး တပျော်တပါးကြီး '' ကျွန်တော်တို့ ဂန်ဒူး တွေပါဗျို့'' လို့ သုံးကြိမ်အော်လိုက်ရတယ်..။ သုံးကြိမ်စေ့လို့ သူများတွေ ရပ်သွားတာတောင်.. ကျွန်တော်က.. မရပ်ဘဲ အဆစ်တစ်ကြိမ်အော်ပေးလိုက်တယ်..။

အဲဒီနေ့က ကျောင်းဆင်းတော့.. '' နင် မရှက်ဘူးလား '' လို့ မြမြ၀င်းက ပြုံးစိစိနဲ့ မေးတယ်..။ '' ငါးကြင်း ကောင်ကြီးကို ထမ်းလို့လာတာ.. ချစ်ချစ် တံငါ '' လို့တောင် အော်ရဲသေးတာပဲဟာ.. ဒီလောက်ကတော့အပျော့ပေါ့ လို့ ကျွန်တော်ပြန်ပြောတော့.. မြမြ၀င်းက.. သေလိုက်ပါ့လား လို့ ပြောရင်း.. ကျွန်တော့်ကို လှမ်းရိုက်တယ်..။

လေထဲ ဝေ့လာတဲ့ သူမလက်ကလေးကို.. ရှောင်သလိုလိုနဲ့ ကျွန်တော်ဖမ်းဆုပ်ထားလိုက်မိတယ်..။

ဝင်လုဆဲနေကြောင့် တောက်ပနေတဲ့.. တိမ်တိုက်တွေရဲ့ ရောင်ပြန်တချို့ သူမမျက်နှာပေါ်မှာ ဖြတ်ကနဲ လက်သွားတာ.. တွေ့လိုက်ရတယ်..။ နောက်.. ဆတ်ကနဲ သူ့လက်ကလေးကို.. ပြန်ရုတ်ရင်း ဘာမှန်းလဲ မသိဘူး လို့.. မပွင့်တပွင့်ပြောရင်း.. ကျွန်တော့်ရှေ့ကနေ အပြေးတပိုင်းနဲ့ ထွက်သွားတော့ တယ်။

တန်ဖိုးအထားဆုံး အရာတစ်ခု.. ရုတ်တရက်ပေါ်လာပြီး.. ချက်ခြင်းပြန်ပျောက်သွားသလို.. ခံစားရင်း ကျွန်တော့်ခေါင်းထဲမှာ.. စိုးလွင်လွင်ရဲ့

''အချစ်သစ် နောက်တစ်ခု ကမ်းလိုက်တဲ့အခါ လှမ်းလိုက်တဲ့ လက်များ.. အေးစက်စက်နဲ့ဖြစ်မနေ အရင်အတိုင်း နွေးထွေးစဲပဲလား '' ဆိုတဲ့ သီချင်းတပိုင်းတစ ပေါ်လာခဲ့တယ်..။

ကျွန်တော်မသိတဲ့ ကျွန်တော်ပေါ့..။ ဒါမှမဟုတ်.. ကျွန်တော်မသိချင်ယောင် ဆောင်ထားတဲ့ ကျွန်တော်ပေါ့။

Thursday, August 7, 2008

17.4 မင်းကို ကိုယ်ချစ်သည်

အဲဒီနောက်ရက်တွေမှာတော့.. ရောဂါက.. ပိုဆိုးလာတော့တယ်..။ အတန်းချိန် တော်တော်များများဟာ.. သူမမျက်နှာကို တိတ်တခိုးငေးမောရင်း နဲ့ ကုန်ဆုံးသွားခဲ့ရတယ်..။

ညညဆို သူတို့အိမ်နား လျောက်ပြန်သံပေး ခြေအေးဝမ်းယောင်လုပ်ရ တာလဲ အမော။

နောက်ဆုံး စာတောင် ကောင်းကောင်းမကြည့်နိုင်တော့တဲ့ အထိ အချစ်ရေချိန် တက်လာတယ်..။ ဒီအတိုင်းဆက်သွားလို့ မဖြစ်တော့ဘူး.. ကိုယ်ကျိုးနည်းကုန်တော့မှာပဲ.. ဘယ်လိုလုပ်ရင် ကောင်းမလဲလို့.. ကျွန်တော် စဉ်းစားရတော့တယ်..။

ချစ်တယ်လို့ ပွင့်ပွင့်လင်းလင်း ဖွင့်ပြောဖို့ ဆိုတာကလဲ.. မ၀ံ့ပြန်ဘူး..။ တော်ကြာ မမျော်လင့်တဲ့ အဖြေ ရလာခဲ့ရင်.. ထသွားမိလို့ အကျိုးမှန်းသိတဲ့အဖြစ်မျိုး လို နောင်တမရချင်ဘူး..။ဒီအတိုင်း ပိုနေမြဲ ကျားနေမြဲ.. နေလိုက်ဖို့ကလဲ.. လက်တွေ့မှာ.. သိပ်ခက်ခဲနေခဲ့တယ်..။ ဘာမှ မလုပ်ဘဲ နေတာဟာ တစ်ခုခုဖြစ်ဖို့ ဦးတည်နေတာပဲ လို့ ယုံကြည်ထားတော့.. ပိုဆိုးတာပေါ့..။

နောက်ဆုံးတော့.. ဖြစ်ချင်ရာဖြစ်.. ဖွင့်ပြောမယ်လို့..ဆုံးဖြတ်ချက် ချလိုက်တယ်။

နောက်တနေ့မနက် ကျောင်းအသွားမှာ.. '' နင့်ကို ပြောစရာရှိတယ် '' လို့ ကျွန်တော်စကားစမိတယ်..။ ဘာပြောမလို့လဲ ပြောလေ လို့ သူမကပြန်ပြောတယ်..။ ဘာမှ မပြောဘဲ.. သူမမျက်နှာကို.. ငါးစက္ကန့်လောက် ကျွန်တော် စိုက်ကြည့်နေမိတယ်..။ နောက်မှ.. '' ညနေကျောင်းဆင်းမှ ပြောတော့မယ် ဟာ '' လို့ ကျွန်တော်လျောချလိုက်တယ်..။

ဘယ်လိုပဲ ဆုံးဖြတ်ချက်ချထားချထား တကယ့်နဖူးတွေ့ ဒူးတွေ့မှာ.. ကျွန်တော် မပြောရဲဘူးဖြစ်နေခဲ့တယ်။

'' ဟွန်း.. ပဟေဠိဆန်နေပြန်ပြီ '' လို့ သူမအပြောကို.. '' ညနေကျ ဆက်ဆက်ပြောပါ့မယ် နားသာ ပြင်ထား '' လို့ စပ်ဖြီးဖြီးနဲ့ ကျွန်တော်ပြန်ပြောရင်း ရယ်နေခဲ့တယ်။ စိတ်ထဲမှာလဲ.. ညနေကျ.. ပြောဖြစ်အောင် ပြောမယ် လို့.. ရဲဆေး တင်နေမိတယ်။

ကျောင်းရောက်တော့လဲ.. ဆရာဆရာမတွေ ဘာတွေပြောပြီး ဘာတွေ သင်နေမှန်း မသိတဲ့အထိ.. စိတ်တွေ ယောက်ရက်ခတ်နေမိတယ်။ ညနေကျရင် ..ဆိုတာကို တွေးပြီး.. စိတ်မောနေတော့ ပိုဆိုးတာပေါ့..။

တဖြည်းဖြည်းနဲ့ ကျောင်းမဆင်းခင် နောက်ဆုံးအချိန်ကို ရောက်လာခဲ့တယ်။ ဒီအချိန်ပြီးရင် ကျောင်းဆင်းတော့မှာပဲ.. ကျောင်းဆင်းရင် .. သူမကို ချစ်တဲ့အကြောင်း မဖြစ်မနေ ပြောရတော့မယ် လို့ တွေးနေရင်း.. ကျောင်းဆင်းခေါင်းလောင်း တီးသံ ကြားလိုက်ရတယ်။

ကျွန်တော့်ရင်ခုန်သံက.. ကျောင်းဆင်းခေါင်းလောင်းသံနဲ့ အပြိုင် ဟာမိုနီလိုက်နေခဲ့တယ်။

ကျွန်တော့်ကို မသိမသာ လှမ်းကြည့်နေတဲ့ သူမကို.. မျက်စိတစ်ဖက် မှိတ်ပြလိုက်တယ်။ နှုတ်ခမ်းလေးကို အနည်းငယ်ကွေးပြီး သူမ တဖက်လှည့်သွားတယ်။

အခန်းထဲက.. ဆရာ ထွက်သွားတာနဲ့ ကပျာကယာ စာအုပ်တွေ လွယ်အိတ်ထဲ ကောက်ထည့်ပြီး.. ကျွန်တော် မတ်တပ်ထ လိုက်တယ်။ ၀တ်ထားတဲ့ ပုဆိုးက.. ပုံမှန်မဟုတ်ဘဲ.. တုန့်ကနဲ ဖြစ်သွားတာကို ခံစားလိုက်ရတယ်။ တစ်ခုခုတော့ မှားနေပြီဆိုတဲ့ အသိနဲ့.. ချက်ခြင်းပြန်ထိုင်ချလိုက်ပေမယ့် မမှီတော့ဘူး။

ဟယ်ကနဲ တတန်းလုံးရဲ့ အာမေဋိတ် သံနဲ့ အတူ.. တပိုင်းတစ ကျွတ်နေတဲ့ ပုဆိုးကို ကျွန်တော် ကိုင်ထား ရင်း မွှန်ထူနေခဲ့တယ်။ တရုတ်ပြေးမင်းကြီးက.. အခန်းထဲမှာတောင် သံလျက်ကြီး တကားကား နဲ့ လို့ မင်းသိန်းက.. ထအော်တယ်။

ဒါပေမယ့် သူ့ကို စိတ်ဆိုးရကောင်းမှန်းတောင် မသိတော့တဲ့ အထိ.. ကျွန်တော် ရှက်နေခဲ့မိတယ်။

အဲဒီနေ့က.. ကျောင်းသားတွေအလျိုအလျို ပြန်သွားတဲ့ အထိ.. အတန်းထဲမှာ..ကျွန်တော် ထိုင်နေခဲ့တယ်။ နောက်ဆုံး ကျွန်တော်တစ်ယောက်ထဲ ကျန်တော့မှ.. လွယ်အိတ်ကောက်လွယ်ပြီး.. ပြန်လာခဲ့တယ်။ လေးလံတဲ့ ခြေလှမ်းတွေရဲ့ သယ်ဆောင်ရာကို.. အသိမဲ့ လိုက်ပါနေရင်း.. ကျောင်းဂိတ်ပေါက်မှာ.. ရပ်စောင့်နေတဲ့.. မြမြ၀င်းကို တွေ့လိုက်ရတယ်။

နင်ပြောစရာရှိတာကို နားထောင်ဖို့ စောင့်နေတာ.. နင်ကလဲ ကြာလိုက်တာ လို့ .. အတန်းထဲမှာ.. ကျွန်တော်ဖြစ်ပျက်ခဲ့တဲ့ ကိစ္စကို.. မသိခဲ့သလို မျက်နှာပေးနဲ့ သူမ ပြောလာတာကို.. တခွန်းတပဒ မှ မတုန့်ပြန်ပဲ.. ကျွန်တော် ရပ်နေခဲ့တယ်။

ပြောစရာရှိတာ ပြောလေဟာ.. ဒီမှာ နောက်ကျနေပြီ .. လို့.. စိတ်မရှည်တဲ့ လေသံနဲ့ သူမက ဆက်ပြောတယ်။ ဒါပေမယ့် ကျွန်တော့်မှာ ပြောဖို့ ဝေးလို့ သူမမျက်နှာတောင် ရဲရဲ မကြည့်ဝံ့ဘူး။

ကဲပါဟာ.. ဒီလောက်အထိ ရှက်မနေပါနဲ့.. နင်ပြောစရာရှိတာဟာ..ပြောပါ.. ဒါပေမယ့် နင် အောက်ခံဘောင်းဘီ လေးတော့ ၀တ်သင့်တာပေါ့.. လို့ ပြောရင်း.. တခစ်ခစ်နဲ့ သူမက ရယ်နေတယ်။ အတော့်ကို လှိုက်လှိုက်လှဲလှဲ ရယ်နေတဲ့ သူမကို.. ကြည့်ရင်း.. ကျွန်တော်လည်း.. လိုက်ရယ်နေတော့ တယ်။

တစ်မိနစ်လောက် အားရပါးရ.. ရယ်ပြီး.. '' အဲဒါကြောင့် နင့်ကို ချစ်တာ '' လို့ ကျွန်တော်ပြောချလိုက်တယ်။ '' အင်.. ဘာကြောင်တာလဲ '' လို့ သူမက အူကြောင်ကြောင် မျက်နှာပေးနဲ့ ကျွန်တော့်ကို ပြန်မေးတယ်။

'' ဟုတ်တယ်.. ဒီညနေ..နင့်ကို ပြောမယ် ဆိုတာ.. အဲဒါပဲ.. နင့်ကို ချစ်တယ် ''

ကျွန်တော့် စကားအဆုံးမှာ.. '' နင် ရှက်ရမ်းရမ်းပြီး သွေးရူးသွေးတမ်းနဲ့ .. လျောက်ပြောမနေနဲ့ '' လို့ သူမ ရုတ်တရက် ထအော်တယ်..။

'' ဟ.. ဒါနောက်စရာမှ မဟုတ်တာ.. ဖွင့်မပြောဘဲ နေမရတော့လို့ ပြောလိုက်တာ.. ဒီရက်ပိုင်း စာထဲတောင် စိတ်မပါတော့ဘူး.. အချိန်ရှိသရွေ့ နင့်အကြောင်းပဲ တွေးနေမိပြီး.. နင့်ကိုပဲ သတိရနေတယ်.. ဒါကြောင့် ဖွင့်ပြောတာ.. ငါတကယ်အတည်ပြောနေတယ်ဆိုတာ.. နင်သိပါတယ် ''

ကရားရေလွှတ် တတွတ်တွတ်ပြောနေတဲ့ ကျွန်တော့်စကားအဆုံးမှာ.. သူမသက်ပြင်း တစ်ချက်ချရင်း

''တစ်ချိန်ချိန်မှာ.. နင်ပြောတော့မယ်ဆိုတာ.. ငါမျော်လင့်ပြီးသားပါ.. ဒါပေမယ့်ဟာ.. နင့်ကို ငါ မယုံရဲဘူး.. နင့်မှာ လက်ရှိရည်းစားနဲ့ ဆိုတာလဲ တရွာလုံးသိနေတော့.. ခက်တယ်ဟ '' လို့ မပွင့်တပွင့် ပြန်ပြောတယ်။

သူမပြောတာကလဲ.. ဟုတ်နေလေတော့.. ကိုယ့်လိပ်ပြာကိုတောင် မလုံသလို ကျွန်တော်ဖြစ်သွားရတယ်။ ဒါပေမယ့်.. လက်တွေ့ကလဲ သူမကို ချစ်နေမိတာမို့..

'' အေးပါ.. နင်အဲဒီလိုမျိုး ပြန်ပြောလိမ့်မယ်ဆိုတာလဲ ငါမျော်လင့်ပြီးသားပါ.. အချစ်ဆိုတာ.. ဘယ်လိုအရာမျိုးလို့ ငါသေချာမပြောတတ်ပေမယ့်.. တစ်သက်မှာ တစ်ယောက်ထဲ ချစ်ပြီး.. နောက်ထပ်ချစ်လို့ မရတော့တဲ့ အရာ မဟုတ်တာတော့ ငါ့အဖြစ်က သက်သေပဲ.. ရွာကလူတွေ ဘယ်လိုပြောမှာ မပြောမှာထက်.. နင့်ရင်ထဲက ငါ့အပေါ်ထားတဲ့ ခံစားချက်က ပိုအရေးကြီးပါတယ် အေးအေးဆေးဆေး စဉ်းစားဦးပေါ့ '' လို့ ကျွန်တော် ပြောလိုက်တယ်။

အဲဒီနောက်တော့ သူမနဲ့ ကျွန်တော် ဘာစကားမှ မပြောဖြစ်ကြတော့ပဲ.. သူမတို့အိမ်နား အရောက်မှာ လမ်းခွဲလိုက်ကြတယ်။ အဲဒီနေ့ညက.. ကျွန်တော် အိပ်မပျော်ခဲ့သလို.. သူမလဲ အိပ်လို့ ရမယ် မထင်ပါဘူး။

Wednesday, August 6, 2008

17.5 အဝေးရောက်ဖခင်

နောက်တစ်နေ့မနက်မှာတော့.. အဝေးကို ရောက်နေတဲ့.. အဖေ့ကို သွားတွေ့ဖို့ အရေးပေါ်လာတာနဲ့ ကျွန်တော် ကျောင်းမတက်ဖြစ်ခဲ့ဘူး..။

ကျွန်တော်တို့ရွာနဲ့ မြို့နဲ့က ၂၈ မိုင် ဝေးတယ်..။ ဂျပန်ခေတ်က ဖောက်သွားတဲ့ ကားလမ်းအကြမ်းထည် တ၀က်တပျက်က လေးငါးမိုင် ရှိတယ်..။ မိုင်နှစ်ဆယ်လောက်ကတော့ ကတ္တရာလမ်း..။ ကျန်တဲ့ သုံးမိုင်လောက်ကတော့ မော်တော်ကားဆိုတာ နွားလှည်းနောက်က လိုက်ရတဲ့လမ်း..။

ရွာက ကားတွေက မနက်လင်းအားကြီး ဝေလင်းဝေလင်း ထွက်ကြတယ်..။ တစ်ရက်မှ တစ်ခေါက်ပဲ ကားထွက်တာမို့ မြို့တက်ချင်တဲ့ ရွာသားတွေ မနက်အစောကြီးထ မှ မီတယ်..။ အချစ်နာကျပြီး တညလုံး အိပ်မပျော်တဲ့ ကျွန်တော့်အဖို့တော့ ထူးပြီး အိပ်ရာထစရာတောင်မလိုပါဘူး..။

ရွာထဲက ကား စက်စနှိုးတဲ့ အသံကြားတာနဲ့ အိပ်နေတဲ့ အကို ကို နှိုးပြီး ကားဂိတ်ဖက် ညီအကို နှစ်ယောက် ထွက်လာခဲ့ကြတယ်။ ဂိတ်ရောက်တာနဲ့ ထွက်မယ့် ကားတစ်စီးပေါ် တက်ထိုင်နေရင်း သူမကို သတိရနေမိတယ်။ ကျွန်တော် မြို့သွားတာကို သူမ သိမှာ မဟုတ်ဘူးလို့လဲ တွေးနေမိပြန်တယ်..။

အချိန်တန်သည့်တိုင် ကျောင်းကို ကျွန်တော်ရောက်မလာခဲ့ရင် သူမ ဘယ်လိုများတွေးနေမလဲ လို့လဲ သိချင်နေမိပြန်တယ်..။ တဆက်တည်း ကျွန်တော်တစ်ယောက် အချစ်နာကျပြီး ကျောင်းတောင် မတက်နိုင်ရှာဘူးလို့ သူမထင်နေခဲ့ရင် တမျိုးကောင်းတယ်လို့ တွေးမိပြန်တယ်..။ (အဲဒီနေ့က သူမလဲ ကျောင်းပျက်ခဲ့တယ်လို့ နောက်မှ သိရတယ် )

မနက်ရှစ်နာရီခွဲလောက်မှာ မြို့ကို ရောက်တယ်..။ အဖေ့ကို တွေဖို့က အဓိကဖြစ်နေတာမို့ သူမကိုလွမ်းတဲ့ စိတ်ကို ဖြေဖျောက်ပြီး ညီအကိုနှစ်ယောက် အဖေရှိရာကို ထွက်လာခဲ့ကြတယ်..။ ကြားသာ ကြားဖူးပြီး တစ်ခါမှ မရောက်ဖူးတဲ့ နေရာမို့ ညီအကိုနှစ်ယောက် စမ်းတ၀ါးဝါးနဲ့ ဟိုမေး ဒီမေး လုပ်ကြရတယ်..။

လာသမျလူကို အပြစ်တင်ကြိမ်းမောင်း အော်ဟောက်တာဟာ ပုံမှန်ပဲလို့ ခံယူထားတဲ့ အသိုင်းအ၀ိုင်းမို့ ကျွန်တော်တို့ ညီအကိုနှစ်ယောက်လုံး မျက်စိသူငယ်နားသူငယ် နဲ့ သုံးလေးကြိမ်လောက် အအော်အဟောက်ခံ ပြီးမှ အဖေ့ကို တွေ့ခွင့် စာရင်းဝင်သွားခဲ့တယ်..။
ကိုယ့်အလှည့်ဘယ်အချိန်မှာ ရောက်မယ်မှန်းလဲ မသိတာမို့ အုတ်တံတိုင်း အမြင့်ကြီးကာထားတဲ့ အ၀င်ပေါက် ဘေးနားက ဘ၀တူတွေ ခပ်စုစု ထိုင်နေတဲ့ နေရာမှာ ညီအကို နှစ်ယောက် ထိုင်ရင်း ဟိုကြည့်ဒီကြည့် လုပ်နေမိတယ်..။

အလှည့်ကလဲ ကြာလိုက်တာလို့ တွေးနေတုံး အလုံပိတ်ထားတဲ့ ကားအပြာတစ်စီး ခပ်လှမ်းလှမ်းမှာ ရပ်တာကို တွေ့တယ်..။ ကားပေါ်က ယူနီဖောင်း နဲ့ လူတစ်ချို့ ဆင်းလာပြီး စတီးလက်ကောက်နဲ့ ခရီးသည်တွေကို ကားဘေးက မြေပြင်မှာ တန်းစီ ပဆစ်တုတ်ထိုင်ဖို့ အော်ဟစ်နေသံကိုပါ တဆက်တည်း ကြားရတယ်..။

တစ်ခါမှ မမြင်ဖူးတဲ့ မြင်ကွင်းမို့ ကျွန်တော် အံသြတကြီး ကြည့်နေမိခဲ့တယ်..။ တဆက်တည်း အဖေ့တုံးကလဲ ဒီလိုမျိုးပဲလားဆိုတဲ့ အတွေးက ကျွန်တော် ခေါင်းထဲ အလိုလို ရောက်လာတယ်..။

ဖော်ပြဖို့ခက်တဲ့ ဝေဒနာတစ်ရပ်ကို ကျွန်တော် ခံစားနေတုံး အဖေ့နာမည်အော်သံ ထွက်လာခဲ့တယ်..။ ညီအကို နှစ်ယောက် ဒရောသောပါး ထိုင်ရာကထပြီး အဖေ့ကို တွေ့ဖို့ လူတစ်ကိုယ်စာ တံခါးပေါက်လေးထဲက တဆင့် ခေါင်းငုံ့ပြီး ၀င်ခဲ့ကြတယ်..။

အထဲရောက်တော့ သံတံခါးကြီး တစ်ချပ် ထပ်တွေ့ရတယ်..။ အဖေ့ကို အဲဒီတံခါးရဲ့ တဖက်ခြမ်းမှာ တွေ့ရတယ်..။ ကျွန်တော်တို့ ညီအကို နှစ်ယောက်က သစ်သားခုံရှည်နဲ့ ဒီဖက်ခြမ်းမှာ ထိုင်ကြရတယ်..။

ကျွန်တော်တို့ နှစ်ယောက်ကို မြင်တော့ အဖေပြုံးပြတယ်..။ နောက်ပြီး '' မင်းတို့အမေ မပါဘူးလားလို့ ''ခပ်တိုးတိုးမေးတယ်..။ ကျွန်တော်တို့ ညီအကို နှစ်ယောက်က ခေါင်းရမ်းတော့ အဖေ ဟက်ကနဲ တစ်ချက်ရယ်တယ်..။

ကျွန်တော်တို့လဲ ဘာရယ်မဟုတ် လိုက်ရယ်ကြတယ်..။ နောက်တော့ အိမ်မှာကျန်ခဲ့တဲ့ မိသားစုတွေ နေကောင်းမကောင်း အဖေမေးတယ်...။ အားလုံး စာကြိုးစားဖို့ အဖေမှာတယ်လို့ ပြော.. လို့ တဆက်တည်းအဖေ ပြောတယ်..။

တခြားထွေရာလေးပါး တွေ ပြောဖြစ်ကြတယ်..။ တွေ့ဆုံချိန် စေ့ခါနီးမှာ.. အနောက်တောင် ထောင့် အုတ်ရိုးရဲ့ အပြင်ဖက်မှာ မင်းတို့ ညီအကို စောင့်နေလို့ အဖေ တိုးတိုးမှာတယ်..။

အချိန်တန်တော့ အဖေ့ကို နှုတ်ဆက်ပြီး အလာတုံးကလို တံခါးကျဉ်းကျဉ်းကို ခေါင်းငုံ့ပြီး ညီအကိုနှစ်ယောက် ပြန်ထွက်လာခဲ့ကြတယ်..။ အပြင်ရောက်တာနဲ့ အဖေမှာတဲ့ အနောက်တောင်ထောင့် အုတ်ရိုးဖက်ကို ခပ်သုတ်သုတ် သွားရတယ်..။

အဖေမှာတဲ့ နေရာရောက်တော့ အဖေပြောလိုက်တဲ့ ဆေးရုံအဆောက်အဦ ဆိုတာ ခေါင်မိုးလောက်ပဲ မြင်ရတာမို့ ညီအကို နှစ်ယောက် နောက်ဆုတ်နောက်ဆုတ်နဲ့ မြင်ကွင်းကျယ်တဲ့ ဆီကို နေရာ ရွေ့ကြရတယ်..။

ကိုက်တစ်ရာလောက် နေရာရွေ့အပြီးမှာတော့ အုတ်ရိုးအတွင်းဖက်က ဆေးရုံဝရံတာမှာ မတ်တပ်ရပ်နေတဲ့ အဖေ့ကို မြင်ရတယ်..။ ကျွန်တော်တို့ကို မြင်တာနဲ့ လက်ဝှေ့ရမ်းပြရင်း လက်ထဲက အထုပ်တစ်ထုပ်ကို အဖေ အားနဲ့ ကျွန်တော့်တို့ဆီ လှမ်းပစ်တယ်..။

အထုပ်က အဖေနဲ့ ကျွန်တော်တို့ ကြား အုတ်ရိုးအပြင်ဖက် မလှမ်းမကမ်းမှာ ကျတယ်..။ ညီအကိုနှစ်ယောက် ၀မ်းသာအားရ ပြေးကောက်ကြတယ်..။ အုတ်ခဲနဲ့ကပ်ချည်ထားတဲ့ စာအိတ်တစ်အိတ် ဖြစ်နေတာကို တွေ့ရတယ်..။

စာအိတ်ကောက်ပြီး ညီအကိုနှစ်ယောက် နဂိုရ်နေရာကနေ အဖေ့ကို နှုတ်ဆက်ကြတယ်..။


အဲဒီနေ့က ရွာပြန်ရောက်တဲ့ အထိ ထောင်ဆေးရုံ ၀ရံတာက လက်ပြနှုတ်ဆက်နေတဲ့ အဖေ့ပုံကို ပြန်မြင်ယောင် နေမိတယ်..။ အဖေပေးလိုက်တဲ့ စာကို ဖတ်ပြီး အမေ အဲဒီနေ့က ငိုတယ်..။