Monday, February 2, 2009

39.2 သမီးရည်းစားနဲ့ လင်မယား မတူဘူးဗျ

အရင်အလုပ်မှာ အောင်သူဝင်းလို့ခေါ်တဲ့ အင်ဂျင်နီယာ တပည့်လေး တစ်ယောက်ရှိတယ်..။ သူက ကျွန်တော့်ကို အထက်အရာရှိတစ်ယောက်ဆိုတာထက် ပိုတဲ့ လေးစားမှုမျိုးနဲ့ လေးစားတယ်..။ ကျွန်တော်ပြောတာ မှန်သမျှ လေးလေးနက်နက်နဲ့ သူနားထောင်တယ်..။ တိုင်ပင်စရာရှိရင်လည်း သူ့ရဲ့ ပုဂ္ဂိုလ်ရေးကစလို့ မချွင်းမချန် ကျွန်တော်ကို ဖွင့်ပြောတိုင်ပင်လေ့ ရှိတယ်..။

တစ်ရက်မှာ ကျွန်တော်က ဘာရယ်မဟုတ် သမီးရည်းစားဘ၀နဲ့ အိမ်ထောင်သည်ဘ၀ မတူခြားနားတာလေးတွေ စပ်မိစပ်ရာ သူ့ကို ပြောမိတယ်..။

“ သမီးရည်းစား နဲ့ လင်မယား မတူဘူးကွ..။ မတူချက်ကတော့ စာလုံးပေါင်းကအစ ကွဲတယ် ငါ့ညီ.. ဒါကြောင့် လင်မယားဘ၀မှာ မလိုက်လျောနိုင်မယ့် ကိစ္စတွေ သမီးရည်းစား ဘ၀မှာ ဘာမှ လုပ်မပေးနဲ့ ကွ ”

လူကလည်း နည်းနည်း ထွေနေတော့ အာဘောင်အာရင်းသန်သန်နဲ့ သူ့ကို ကျွန်တော် လက်ချာတွေ အဲဒီနေ့က စွတ်ပေးလိုက်မိတယ်..။ မဒမ်ကလည်း သမီးရည်းစား ဘ၀တုံးက ကျွန်တော်အလိုလိုက်ခဲ့တာလေးတွေ လင်မယားဘ၀မှာ လုပ်ပေးဖို့ ကွက်ပျက်တိုင်း “ကိုကြီး အရင်လို မီးမီးကို မချစ်တော့ဘူး ” လို့ စွဲချက်က တင်နေတာမို့ အဲဒီအကြောင်းလေးတွေကိုလည်း ပြန်လည် ဖောက်သည်ချမိတယ်..။

“ မင်းရည်းစားကို နေကြာစေ့ အခွံ နွှာမပေးနဲ့.. သူ့ဖာသာ နွှာစားခိုင်း၊ ကော်ဖီမစ်.. အထုတ်ဖောက် မွှေပေးတာမျိုး လုပ်မပေးနဲ့.. သူ့ဖာသာ ဖျော်သောက်ပစေ ”
“ အေး.. ငါပြောတဲ့အတိုင်း မလုပ်ဘဲ.. နေကြာစေ့ဆို အခွံနွှာပြီးသား၊ ကော်ဖီမစ်ဆို မွှေပြီးသား လုပ်လို့ကတော့ လင်မယားဘ၀ ရောက်တာနဲ့ မင်း နာဖို့သာပြင် ”

နဂိုရ်ကလည်း လေးစားရင်းစွဲ ရှိတဲ့အပြင် သူကိုယ်တိုင်ကလည်း ခပ်ထွေထွေ ဖြစ်နေလေတော့ ကျွန်တော်ပြောသမျှ သူ့ခမျာ အဟုတ်ထင်သွားခဲ့တယ်..။ ကျွန်တော်ကတော့ ပြောပြီး မေ့မေ့ပျောက်ပျောက်ပါပဲ..။ ဒါပေမယ့် သူကတော့ အဲဒီနေ့က စလို့ ကျွန်တော်ပြောတာတွေကို အကောင်ထည်ဖော်နေခဲ့တယ်..။

နောက်တစ်လလောက်ကြာတော့ မောင်မင်းကြီးသား မျက်နှာမသာမယာနဲ့ “ အကို.. ကျွန်တော့်ကောင်မလေးက ကျွန်တော့်ကို ပစ်သွားပြီဗျ ” တဲ့..။ ငိုသံပါကြီး နဲ့ ပြောလာတော့ ကျွန်တော့်မှာ “ ဟ.. ဘယ်လိုဖြစ်တာလဲကွ ” ပေါ့...။

“အကို ပြောသလို ကော်ဖီမစ်..သူ့ဖာသာ ဖျော်သောက်ခိုင်းလိုက်တယ်၊ နေကြာစေ့ သူ့ဖာသာ အခွံနွှာစားခိုင်းလိုက်တယ်.. အဲဒါ.. မရခင်ကတည်းက ဒီလို အချိုးချိုးနေရင် ရပြီးရင် ပိုဆိုးဖို့ပဲ ရှိတယ် ” ဆိုပြီး လမ်းခွဲသွားတာပဲ အကိုရေ ” တဲ့..။

5 comments:

s0wha1 said...

ကောင်းရော။ =))
နည်းတောင် နည်းသေးတယ်။ ဟီဟီ

Rita said...

:D
အဲဒါပေါ့ ဆရာ မကောင်းတော့ တပည့် ရီးစားပြတ်ရော

Ko Boyz said...

အဲဒါကြောင့် ကိုကို့စကားကို မယုံတာတဲ့...။ ဟိဟိ

မေ့သမီး said...

ကိုနဗနတို့ကတော့ လက်ချာပေးတာ အလွယ်၊ ဟိုက ရည်းစားပြတ်ရော။

Unknown said...

ကောင်းကြလေကုန်သတည်း..ဟီးးဟီး
မှတ်သားသွားပါတယ်ခင်မျာ