Monday, February 2, 2009

39.4 လင်ဇီးမုန်တိုင်း မွှေတဲ့နေ့ ( အပိုင်းတစ် )

လူပျိုဘ၀မှာကတည်းက လင်ဇီးဆေးနဲ့ ပါတ်သက်တဲ့ ဟောပြောပွဲဆန်ဆန်၊ စည်းရုံးရေးပွဲဆန်ဆန် မျိုးတွေကို ကြားဖူးခဲ့တယ်..။ အလုပ်ထဲက သူငယ်ချင်း တစ်ယောက်က အဲဒီပွဲမျိုးတွေဆို မလွတ်တမ်း တက်ပြီး ပြန်ဖောက်သည်ချလေ့ ရှိတာမို့ .. သူတို့ marketing လုပ်ပုံလုပ်နည်းတွေနဲ့လည်း မစိမ်းလှဘူး..။

အလံရှူး သဘောမျိုးဆန်ဆန်.. တက်ရောက်လာတဲ့ ပုရိတ်သတ်ထဲက ဘယ်သမားတော်ကုကု မပျောက်တဲ့သူ့ရောဂါ.. လင်ဇီးနဲ့တွေ့မှ အမြစ်ပြတ်သွားတဲ့ အကြောင်း ထပြောတာမျိုးတွေ၊ နားထောင်နေတဲ့ ပုရိတ်သတ် နောက်တစ်ယောက်က “ဟုတ်ပါတယ်၊ မှန်ပါတယ်၊ ကျွန်တော့်လည်း ကိုယ်တွေ့ဗျ ” လို့ ထ ထောက်ခံလေ့ ရှိတာတွေကို တဆင့်ကြားနဲ့ ကျွန်တော် နားရည်ဝနေခဲ့တယ်..။

ကိုးဆယ့်ခြောက်ပါးတင်မက.. မဖြစ်သေးတဲ့ ရောဂါတောင်ကြွထလာပြီး ပျောက်ကင်းစေလောက်အောင် စွမ်းတယ်ပြောပြီး လက်တွေ့မှာ နောက်ဖေးပေါက်က marketing ဆင်းနေတဲ့ သူတို့လုပ်နည်းလုပ်ဟန်တွေကို သိပ်သဘောမတွေ့တာနဲ့ ကျွန်တော်ကတော့ ခပ်ကင်းကင်းလေး နေခဲ့တယ်..။ ကြာတော့လည်း အဲဒီအကြောင်းတောင် ခေါင်းထဲမရှိတော့ပါဘူး..။

နောက် ကျွန်တော်အိမ်ထောင်ကျတယ်..။ မဒမ်နဲ့လည်း အဲဒီအကြောင်းကို စကားမစပ်မိတော့ အိမ်ထောင်သက်တလျှောက် မပြောဖြစ်သလောက်ပဲ..။ ဒါပေမယ့် လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတော့ လင်ဇီးက သူ့ထုံးစံအတိုင်း ကျွန်တော့်အိမ်နောက်ဖေးပေါက်ကနေ ၀င်လာခဲ့တယ်..။ ကလေးတွေကျောင်းပို့ရင်း မဒမ်နဲ့ ရင်းနှီးနေတဲ့ ကျောင်းသားမိဘတစ်ယောက် ကနေတဆင့် ရောက်လာခဲ့တာပဲ..။

မဟာရန်ကုန်မြို့တော်ကြီးမှာ ကလေးကျောင်းပို့ကျောင်းကြိုလုပ်ရတာကလည်း သိတော်မူကြတဲ့အတိုင်း.. ကျောင်းမဆင်းခင်ကတည်းက ကျောင်းရှေ့မှာ မိဘတွေက ကြိုစောင့်နေကြရတာဆိုတော့.. ကျောင်းဆင်းချိန်စောင့်ရင်း တူရာတူရာလေး စု၊ မိတ်တွေဖွဲ့၊ ရောက်တတ်ရာရာလေးတွေ ပြော နဲ့ မိဘတွေ ရင်းနှီးသွားကြတယ်..။

အဲသလိုရင်းနှီးသွားရာကနေ လင်ဇီးရဲ့ ကမ္ဘာကျော် multilevel marketing ထဲ မဒမ် မျောပါသွားခဲ့တယ်..။

အစကတော့ ကျွန်တော်လည်း မရိပ်မိပါဘူး..။ မဒမ်ကလည်း ကျွန်တော်မကြိုက်လောက်တာ သိတယ်နဲ့ တူတယ်..။ မပြောဘူး..။ ဒါပေမယ့်.. တစ်ရက် ကျွန်တော်ရေချိုးတော့ ရေချိုးဆပ်ပြာက သုံးနေကျဆပ်ပြာမျိုးမဟုတ်ဘဲ ခပ်ညိုညိုဖြစ်နေတော့ ဘာဆပ်ပြာလဲပေါ့..။ စပ်စုကြည့်မိတယ်..။ အနံ့ကလည်း မမွှေး၊ ဆပ်ပြာပုံကလည်း ငယ်တုံးက သုံးခဲ့ရတဲ့ ဆင်ချေးတုံးဆပ်ပြာလို ပုံမလာပန်းမလာနဲ့ ..။ တံဆိပ်ကြည့်တော့ ကြားဖူးနေတဲ့ လင်ဇီးကုမ္ပဏီတစ်ခုရဲ့ နာမည်တွေ့ရတယ်။

နည်းနည်းတော့ မသိုးမသန့် ခံစားမိပေမယ့် မဒမ် ကြုံလို့ ၀ယ်လာတယ် ထင်တာနဲ့ ထွေထွေထူးထူးတော့ မမေးဖြစ်ပါဘူး..။ နောက်တစ်ပတ်လောက် ကြာတော့ သွားတိုက်ဆေးကလည်း လင်ဇီးသွားတိုက်ဆေး ဖြစ်နေတာ တွေ့ရပြန်တယ်..။ ခေါင်းလျှော်ရည်ကလည်း လင်ဇီးခေါင်းလျှော်ရည် တဲ့..။ ဒီအတိုင်းဆိုရင်တော့ မဖြစ်ချေဘူး ဆိုပြီး မဒမ့်ကို မေးရတော့တယ်..။

အဲဒီတော့မှ ကလေးတွေကို တိုက်နေတဲ့ အားဆေးကအစ လင်ဇီး ဖြစ်နေတာ သိရတော့တယ်..။ ကျောချမှန်း ဓါးပြမှန်းသိဆိုတာမျိုးပဲ..။

မဒမ့်ကိုတော့ ပြေရာပြေကြောင်းနဲ့ multilevel marketing အကြောင်း ရှင်းပြရတယ်..။ ဒါပေမယ့် ရှင်းရင်းတန်းလန်း သူလုပ်တဲ့ ကိစ္စ မကောင်းပြောရကောင်း လားဆိုပြီး မဒမ်က ကဏ္ဍကောစ ပြန်ပြောတော့ လင်မယားကြား စကားတွေက ဟိုရောက်ဒီရောက်နဲ့ ပွဲက ဆူကုန်တော့တယ်..။ အိမ်ရဲ့ ၀င်ငွေရရာရကြောင်းကို သူလည်း တတပ်တအား လင်ဇီးရောင်းပြီး ရှာနိုင်တော့မယ်ဆိုတဲ့ အတွေးနဲ့ ပျော်နေတဲ့အချိန် ကျွန်တော်က အဲဒီကိစ္စ ရပ်တန်းကရပ် လုပ်လိုက်တော့ မဒမ့်ခမျာ အတော့်ကို စိတ်ပျက်သွားဟန်ရှိတယ်..။

သူမှန်တယ်လို့လည်း နှစ်နှစ်ကာကာ ယုံနေတယ်နဲ့ တူပါတယ်..။ ရန်တွေ့လိုက်တာမှ..

“တော်တို့ယောက်ျားတွေက မိန်းမတွေကို အထင်ကိုသေးလွန်းတယ်..၊ အကောင်းမမြင်ဘူး..၊ ကျုပ်တို့မှာလည်းကျုပ်တို့ အသိုင်းအ၀ိုင်း ကျုပ်တို့ အစွမ်းအစ နဲ့ ငွေရှာ နိုင်ပါတယ်..”

“ အခု ကုမ္ပဏီကလည်း တကမ္ဘာလုံး ရုံးခွဲတွေ အများကြီး ရှိတဲ့ကုမ္ပဏီ..၊ အားလုံးကလည်း လူကြီးလူကောင်းတွေချည်း..၊ နိုင်ငံတကာ အသိအမှတ်ပြု အထောက်အထား တွေဆိုလည်း ပုံထောင်လို့.. ရှင်မယုံရင်.. လိုက်ခဲ့ ”

အတော့်ကို ပြင်းပြင်းထန်ထန်ပါပဲ..။ ကျွန်တော်ဖြင့် လင်မယားသက်တမ်းတလျှောက် အဲသလောက် တခါမှ မဒမ် မာမာထန်ထန် ပြန်ပြောတာ မကြုံခဲ့ဖူးဘူး..။ အဲဒီနေ့က ကိုယ်ပြောတာ သူလက်မခံ၊ သူပြောတာ ကိုယ်လက်မခံနဲ့ လိပ်ခဲတင်းတင်းနဲ့ ဇာတ်လမ်းက ပြီးသွားခဲ့တယ်..။

ဒါပေမယ့် တားမရလို့ လင်ဇီးဆေး လင်ဇီးအသုံးအဆောင်တွေ သုံးချင်တယ်ဆိုရင် တစ်ယောက်တည်းသာသုံး၊ ကလေးတွေကိုတော့ ဒီနေ့ကစပြီး အဲဒီဆေး မတိုက်ရဘူး ဆိုတာတော့ ကျွန်တော် တင်းတင်းမာမာလေး ပြောလိုက်တယ်..။ မဒမ်ကတော့ သိပ်ကျေနပ်ပုံတော့ မရှိဘူး..။ နောက်နှစ်ရက်လောက်မှာ.. သူ့ကို လင်ဇီးနဲ့မိတ်ဆက်ပေးတဲ့ အမကြီးနဲ့ တွေ့မလား လို့ မေးလာတယ်..။ အဲဒီအမကြီးကလည်း ကျွန်တော့်ကို တွေ့ချင်နေတယ်တဲ့..။

အဲဒါဆိုလည်း ခေါ်ခဲ့ပေါ့..။ တွေ့ရသေးတာပ လို့ တွေးပြီး ကျွန်တော်လည်း မဒမ့်အစီအစဉ်ကို လက်ခံလိုက်တယ်..။

နောက်ရက်ကျ.. ၀တ်ကောင်းစားလှနဲ့ သက်လတ်ပိုင်းအရွယ် မိန်းမတစ်ယောက် မဒမ်ကလေးတွေကို ကျောင်းကြိုအပြန်မှာ အိမ်ပါလာခဲ့တယ်..။ မဒမ်ကပဲ ဦးဆောင် ပြီး မိတ်ဆက်ပေးတယ်..။ လောက၀တ်အရ ကျွန်တော်လည်း ကောင်းကောင်းမွန်မွန်ပဲ ပြန်ပြောရင်း ဧည့်ခန်းမှာ စကားပြောဖြစ်ကြပါတယ်..။ အစပိုင်းမှာတော့ အတော့်ကို မွန်မွန်ရည်ရည်နဲ့ အေးအေးသက်သာ ဆွေးနွေးဖြစ်ကြပါတယ်..။

သူတို့ကုမ္ပဏီ နဲ့ ဆိုင်တဲ့ စာရွက်စာတမ်းတွေ၊ ကျန်းမာရေးဆိုင်ရာ ထောက်ခံချက်တွေ၊ သက်သေ သာဓက အထောက်အထားတွေ တပုံတပင်လည်း ကျွန်တော် ကြည့်ခွင့်ရပါတယ်..။ သူတို့ဆေး ဘယ်လို စွမ်းကြောင်း ဟိမ၀န္တာချီးမွမ်းခန်း ဖွင့် တာလဲ နားထောင်ရသေးတယ်..။

သူ့ဖက်က ပြောစရာရှိတာ၊ ရှင်းပြစရာ ရှိတာလေးတွေ ပြောပြီးတော့ ကျွန်တော်မေးချင်ရာမေး ပေါ့..။ မဒမ်ကတော့ သူ့လူ ရှင်းပြတာတွေကို သဘောအကျကြီး ကျပြီး ပြုံးတုံးတုံးနဲ့ ကျွန်တော့်ကို ကြည့်နေတယ်..။

မဒမ့်မျက်နှာပေးကို မသိချင်ယောင်ဆောင်ပြီး “ ဒီလောက်စွမ်းတဲ့ဆေးတွေကို ဘာလို့ တီဗွီတို့တခြားမီဒီယာတို့ကနေ ကြော်ငြာပြီး မရောင်းတာလဲ ” လို့ ကျွန်တော် စမေးတယ်..။ ကုမ္ပဏီ ပေါ်လစီအရကိုက အဲသလို ကြော်ငြာရောင်းခွင့် မရှိပါဘူး တဲ့..။ တဆက်တည်း.. ကျွန်မတို့ရဲ့ ဈေးကွက်ထိုးဖောက်မှုက '' mouth to mouth" ကို အခြေခံပါတယ် တဲ့..။

ဗုဒ္ဓေါလို့ တွေးမိရင်း ဘယ်နှယ့် " word of mouth " က .. " mouth to mouth " ဖြစ်ရတာလဲ ဆိုပြီး ရယ်ချင်စိတ်ကို ကျွန်တော့်မှာ မနည်းထိန်းထားရတယ်..။ အော်.. ခင်ဗျားတို့ ကုမ္ပဏီက ရှေးဦးသူနာပြုစုတဲ့နည်းနဲ့ ဈေးကွက်ကို ထိုးဖောက်တာလား လို့တော့ မမေးတော့ပါဘူး..။ ဒါပေမယ့် အမပြောနေတာ " word of mouth " လို့ တော့ ပြန်ထောက်ပေးလိုက်တယ်..။

11 comments:

:P said...

လင်ဇီး မျက်နှာသစ်ဆပ်ပြာ ကျောင်းအပြီး အိမ်ပြန်ပါသွားတော့ မေမေက ဆင်ချီးတုံးဆပ်ပြာနဲ့မှားပြီး အိုးတိုက်ပစ်တာ သတိရတယ်..။

Senior General Than Shwe said...

တားဗျို့ ခင်ဗျားမဒမ် အလိမ်ခံရလိမ့်မယ်

Anonymous said...

အဲဒီလို အလုပ်မျိုး တခဏလောက်လုပ်ဖူးတယ်၊ နောက်တော့ စိတ်မသန့်လို့ ပြန်ထွက်လိုက်တယ်။

yw said...

လင်ဇီးကိုစကြားဖူးကတည်းက လိမ်စဉ်တွေဆိုတာ သိနေတယ်ဗျ။ သူတို့လင်ဇီးက AIDS ပါပျောက်တယ်၊ Cancer လဲ အမြစ်ပြတ်အောင် ကုနိုင်တယ်လို့ ကြားကတည်းက လိမ်စဉ်တွေဆိုတာ သိလိုက်ပြီ။

Khin said...

Thanks for your post. I was told by a Burmese woman who has spent 10 Laks on linzi and now she is regretting.

ခင်မင်းဇော် said...

အမလေး သူတို့က ဆေးလို့ မပြောရဲဘူး ။
ဓါတ်စာတဲ့။
ဒါနဲ့ ဆေးလို့ မကျေညာရဲတဲ့ ပစ္စည်းတွေက ဘယ်လိုလုပ် ရောဂါ ပျောက်ပါ့မလဲ မေးလို့လေ ကံကောင်းလို့ အဲဒီအိမ်ပေါ်က ဆင်းမပြေးရတယ်။

Dr.Nay Oo (Burma) said...

လင်ဇီးရဲ့ ကျွန်တော်တို့ခေါ်တဲ့ နံမည်တမျိုးကတော့ လိမ်ကြည့်ပါတဲ့ခင်ဗျား။

write for you.. :) said...

hello ,

I also agree ur post. All are liers. I m not sure why Myanmar ppl are easy to be cheated. They really cannot think it's true or not OR they want to do because of money even though they know Linzi Group is 420.
For me, listen their explanation only one time is enough to know they are liers. I hate Myanmar ppl who has no brain.

Can feedback me if u have different pt of view.. thanks..

ဂျူနို said...

အမလေး မအယ်အဒေါ်တော့ လင်ဇီးလုပ်လိုက်တာ စီးပွားပြုတ်ပြီး ရူးကြောင်ကြောင်နဲ့ ။
ခုလည်း တရားထိုင်တယ်။ သူ့ ကိုယ်သူ တရားပေါက်နေပြီတဲ့။
တရားထိုင်ရင်း လူတစ်ယောက်က အိမ်တစ်ခန်းကို ဘုမသိဘမသိ လာပေးသွားတာ အိမ်ခန်းတစ်ခန်းလည်း အလကားရတယ်တဲ့။

ရှုတ်နေတာပဲ။

Unknown said...

ဟုတ်..ကျွန်တော်လည်း အဲဒါတွေ ကြုံဖူးတယ်
ဘယ်လိုမှ လက်မခံနိုင်လို့  ကင်းကင်းဘဲနေတယ်ဗျ
နောက်ထပ်အဲဒီလို ကုမ္ပဏီတွေလည်း ရှိသေးတယ်

Unknown said...

ရှင်းရှင်းလေးပါ ကာကွယ်ချင်ယင်ဓါတ်စာသုံး ရောဂါပျောက်ချင်ယင်ဆေးကိုသုံးလေ