Thursday, April 23, 2009

43.3 ကူမင်းမှာ တစ်ညတာ..

သွားတုံးကတော့ ကူမင်း (Kumming) ရောက်တာနဲ့.. Wenzhou လေယာဉ်လက်မှတ် ချက်ခြင်းဝယ်ပြီး ခရီးဆက်မယ်လို့ စီစဉ်ထားတာပဲ..။ ဒါပေမယ့် တရုတ်ပြည်လေဆိပ်တွေက ရန်ကုန်ဘူတာကြီး တန်းစီနည်း တန်းစီနေကြတော့ လေယာဉ်လက်မှတ်က တစ်ရက်စောင့်ရမယ်တဲ့..။

ဦးဆောင် စီစဉ်တဲ့.. မန္တလေးသားကတော့ အေးဆေးပဲ..။ ကျွန်တော်နဲ့ အတူပါလာတဲ့ နောက်သူငယ်ချင်းတစ်ယောက်ကတော့ ပွစိပွစိနဲ့ပေါ့..။ သူက အဲသလို ဖြစ်မှာစိုးလို့ မြန်မာပြည်ကတည်းက.. connecting flight ကို ကြိုစီစဉ်ခိုင်းတယ်..။ ဒါပေမယ့်.. မန္တလေးသားက “ ဟာ.. အေးဆေးပါ.. ရပါတယ် ဟိုရောက်မှ လုပ်တာပေါ့ ” လို့ ပြောတာနဲ့ပဲ.. မစီစဉ်ခဲ့တာပဲ..။

သို့သော် ထွေထွေထူးထူး အစီအစဉ်ပျက်တာမျိုးတော့ မဖြစ်ပါဘူး..။ Wenzhou မှာ ကြိုနှင့်နေမယ် တရုတ်တွေကို ဖုံးလှမ်းဆက်လိုက်တယ်..။ တစ်ရက်နောက်ကျမယ်..။ မနက်ဖန်မှ ရောက်မယ်ပေါ့..။

အဲဒါနဲ့ Kumming လေဆိပ်ကနေ.. တည်းမယ့်ဟိုတယ် ထွက်ခဲ့ကြတယ်..။ လေဆိပ်ကနေ ငှားစီးလာတဲ့ တက်ကစီကအစ မြန်မာပြည်က တက်ကစီတွေလို မဟုတ်နေတာ သတိထားမိပြန်တယ်..။ ဒရိုင်ဘာနေရာလေးကို သံတိုင်တွေနဲ့ ကာထားတယ်..။ မသမာတဲ့ ခရီးသည်က နောက်ကနေ လုယက်မှာမျိုးကို ကာကွယ်ချင်လို့နဲ့ တူတယ်..။

နောက်ခန်းထိုင်တဲ့သူတွေနဲ့ ဒရိုင်ဘာခုံနောက်မှီကို သံတိုင်တွေနဲ့ ခြားထားတာပဲ..။ ရှေ့ခန်း ဒရိုင်ဘာဘေးခုံကိုလဲ.. ကလေးတွေနဲ့ မိန်းမတွေကလွဲလို့ မစီးရဘူးလို့ စာရေးထားတယ်..။ ဒါတောင် အဲဒီမှာလဲ သံတိုင်က ကာထားသေးတာပဲ..။ မြင်အောင်ပြောရရင် ကားပေါ်မှာ ဒရိုင်ဘာနေရာကို သီးသန့် သပ်သပ် အခန်းကန့်ထား တာမျိုးပဲ..။

ကူမင်းမှာ တွေ့သမျှ တက်ကစီအားလုံးဟာ အဲသလို ပုံစံတူတွေ ချည်းပဲ..။

ဆယ့်ငါးမိနစ်၊ မိနစ်နှစ်ဆယ်လောက်မောင်းတော့ တည်းမယ့် ဟိုတယ် ရောက်တယ်..။ Camellia Hotel ဆိုတာပဲ..။ သိပ်မကြီးပေမယ့် တည်းခဲ့ဖူးသမျှ တရုတ်ပြည်က ဟိုတယ်တွေထဲ မှာ .. အင်္ဂလိပ်စကားပြော အကောင်းဆုံး Reception ရှိတဲ့ ဟိုတယ်ပဲ..။

ကူမင်းက ပင်လယ်ရေမျက်နှာပြင်ထက် မီတာနှစ်ထောင်လောက် မြင့်တာဆိုတော့.. အတော်အေးတာ သတိထားမိတယ်..။ ကျွန်တော်တို့သွားတာကလဲ.. ဆောင်းတွင်းလိုမျိုး မို့ ပိုအေးတယ်ဆိုပေမယ့် ဟိုတယ်အခန်းထဲမှာ အဲယားကွန်းတပ်ထားတာ မတွေ့ရပုံထောက်တော့ တစ်နှစ်ပတ်လုံး အေးဟန် ရှိတယ်..။ ဘယ်လောက် အေးသလဲဆိုရင် Electric Blanket တောင် ထားပေးထားတာ တွေ့ရတယ်..။

ပထမတော့ မသိပါဘူး.. မွေ့ယာအောက်ကို ၀ါယာကြိုးတစ်ချောင်း ၀င်နေတာတွေ့လို့ စပ်စုကြည့်မိမှ လျှပ်စစ်စောင် ဆိုတာ သိရတယ်..။ ဒါပေမယ့် အညာသား၊ ဆောင်းတွင်းဆို ပုဆိုးခြုံကွေးလာခဲ့တဲ့ကောင်ဆိုတော့.. အဲဒါကြီးကို ဖွင့်အိပ်ဖို့ကို စိတ်ထဲမယ် မ၀ံ့နေမိပြန်တယ်..။ ကိုယ်အိပ်နေတဲ့အိပ်ရာအောက် လျှပ်စစ်လွှတ်ထား
တယ် ဆိုတာတွေးမိပြီး တမျိုးကြီးဖြစ်နေခဲ့တာပဲ..။

ဒီကြားထဲ ဘေးကုတင်က သူငယ်ချင်းဖွင့်အိပ်တာကို “ကြည့်လဲလုပ်အုံး.. လျှပ်စစ်စောင်ဖွင့်ပြီး သေးပေါက်ချရင် ဓါတ်လိုက်သေနေအုံးမယ် ” လို့ ပြောပြီး ကိုယ့်ဖာသာ တွေးကြောက်နေတော့.. မဖွင့်ဖြစ်တော့ဘူး..။ ဒါပေမယ့်.. ကူမင်းက အအေးဒဏ်က အတော့်ကို အေးတာ ဆိုတော့ နောက်ဆုံးတော့ ကျွန်တော်လည်း မခံနိုင်တော့ဘူး..။

Toilet ထဲ ၀င်၊ ရှုးရှုးကို အတင်းအားထည့် ဖြစ်ညှစ်ပေါက်ပြီး ဖွင့် အိပ်လိုက်တော့မှ နေသာထိုင်သာ ရှိသွားတော့တယ်..။

6 comments:

Rita said...

အော် Electrical သမားတွေဟာ ဓါတ်လိုက်မှာများ သေအောင်ကြောက်တယ်နော်

PAUK said...

အေးတဲ့ဒေသမှာ Electric Blanket သုံးပြီးရင်
နောက်ဘယ်တော့မှ မသုံးပဲမနေနိုင်ဘူး..
တရုတ်ဖြစ်တွေတော့မသိဘူး..
ကိုရီးယားဖြစ်တွေတော့...တော်တော်အသုံးခံပါတယ်..
ရနှစ်လောက်ရှိပြီ..ကောင်းတုန်း

strike said...

ပိုတာကတော့ ရွှေပန်းကရေဖြန်းတာများ ဖြစ်ညစ်ဖြန်းရတယ်များဖြစ်ရသေး...

Maw said...

အံ့တယ်.. ကြောက်စရာမရှိရှာကြံကြောက်နေတယ်..။ တို့များကတော့ ပေါက်ကျင့်မရှိတော့ အိပ်ယာထဲ သေးထွက်မှာ တွေးလို့တောင် မကြောက်ပေါင်..။ ကြည့်ရတာ ကိုနဗနက ပေါက်ကျင့်ရှိပုံရတယ်။ ကြီးတောင်ကြီးမားနဲ့ ...မထင်ရဘူး။

strike said...

နောင်ဆို ကြွတ်ကြွတ်အိတ်စွပ်ပြီး သားရေကွင်းနဲ့စီးထား

Unknown said...

ကျွန်တော်လည်းဓာတ်လိုက်မှာတွေးကြောက်လို့ ဗျာ....သုံးကိုမသုံးဘူး